ဂေဟစနစ်

November 27, 2018

တရုတ်အစိုးရက ၂၀၂၀ တွင် သစ်တောဖုံးလွှမ်းမှုဧရိယာ ၂၃ ရာခိုင်နှုန်းကျော် တိုးချဲ့မည်ဟု ရည်မှန်း

တရုတ်အစိုးရဟာ ဂေဟစနစ်လုံခြုံရေး ဘေးကင်းဇုန်တွေ ဖန်တီးဖို့ ၂၀၂၀ ခုနှစ်မှာ နိုင်ငံအတွင်း သစ်တောဖုံးလွှမ်းမှု ဧရိယာ ၂၃ ဒသမ ၀၄ ရာခိုင်နှုန်း တိုးချဲ့မယ်လို့ ရည်မှန်းထားပါတယ်။ အစီအစဉ်အရ တရုတ်အစိုးရဟာ ၂၀၃၅ ခုနှစ်မှာ ဂေဟစနစ်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်  အခြေခံကျကျ တိုးတက်မှုကို မြင်ရမယ်လို့ တရုတ်အစိုးရရုပ်သံ စီစီတီဗွီက ပြောပါတယ်။ လူနဲ့ သဘာဝ ပူးတွဲတည်ရှိမှု ဟန်ချက်ညီရေး ဂေဟစနစ်ဆိုင်ရာ ဘက်စုံတိုးတက်မှုကို ၂၀၅၀ ခုနှစ်မှာ ရဖို့ တရုတ်အစိုးရက မျှော်လင့်ထားပါတယ်။ ဒီနှစ်ရဲ့ ပထမနှစ်ဝက်မှာ တရုတ်ဟာ ဟင်းလင်းပြင်မြေပေါ်မှာ သစ်တောဟက်တာ ၄ ဒသမ ၆၇ သန်းကျော် ပျိုးထောင်ပြီးစီးခဲ့လို့ နိုင်ငံအတွင်း သစ်တောဖုံးဧရိယာကို ၂၁ ဒသမ ၆၆ ရာခိုင်နှုန်းထိရောက်အောင် တိုးချဲ့နိုင်ခဲ့တယ်လို့လည်း စီစီတီဗွီ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
2 years Ago

July 21, 2015

အပင်နှင့် သတ္တ၀ါ များ၏ ဂေဟ စနစ်လေ့လာ ရန် သစ်ပင် ကြောင်လိမ်လှေကား (ရုပ်သံ)

ဗြိတိန်နိုင်ငံ၊ လန်ဒန် တော်ဝင်ကောလိပ်က မဟာဘွဲ့သင်တန်းသား ၂ ဦးဟာ လူတွေ သစ်ပင်ပေါ် အလွယ်တကူ တက်ရောက်ပြီး အပင်နဲ့ သတ္တ၀ါတွေရဲ့ ဂေဟစနစ်ကိုလည်းလေ့လာ၊ သဘာဝအလှကိုလည်း ခံစားနိုင်မယ့် စိတ်ကူးလေးကို အကောင်အထည် ဖော်ခဲ့ကြပါတယ်။ သစ်ပင်ရဲ့ပင်စည်မှာ ကြောင်လိမ်လှေကားတခုကို တပ်ဆင်ပြီး သစ်ပင်ပေါ် အလွယ်တကူ တက်ရောက်နိုင်တဲ့ ဒီဇိုင်းလေးကို ထုတ်ခဲ့ကြတာပါ။ ဒီ ဒီဇိုင်းကို ပူးတွဲထုတ်လုပ်သူ ရော့ဘ် (Rob) က “လူတွေ သစ်ပင်ပေါ်တက်ပြီး အပင်နဲ့ သတ္တ၀ါတွေရဲ့ ဂေဟစနစ်ကို လေ့လာမှုဟာ လက်ရှိအချိန်အထိ အတော့်ကို အားနည်းနေပါသေးတယ်။ ပင်လယ်ရဲ့ အနက်ဆုံး နေရာတွေကိုတောင် ပိုပြီး လေ့လာစူးစမ်း ဖြစ်ကြပါတယ်။ ဒါဟာ ပျော်ရွှင်စရာလည်းဖြစ်၊ အံ့သြစရာ အတွေ့အကြုံ အသစ်အဆန်း တခုပါပဲ။” လို့ ပြောပြခဲ့ပါတယ်။ လှေကားထစ် ၂၈ ထစ်ပါ ကြောင်လိမ်လှေကား နမူနာပုံစံကို သူတို့ကျောင်းဝန်းထဲက သစ်ပင်တပင်မှာ တပ်ဆင်ခဲ့ကြပါတယ်။ သစ်ပင်တွေဟာ ဆောင်းဦးရာသီမှာ အဓိက ကြီးထွားတာဖြစ်လို့ အဲ့ဒီရာသီကလွဲရင် ကျန်တဲ့ရာသီ ၉ လလုံး သစ်ပင်တွေမှာ အခုလို ကြောင်လိမ်လှေကားတွေကို တပ်ဆင်နိုင်တယ်လို့လည်း ဒီဇိုင်နာ နောက်တဦးက ပြောပါတယ်။ ဒီဇိုင်နာ ရော့ဘ်က ဒီလှေကားထစ်တွေကို သစ်ပင် ပင်စည်မှာ ရိုက်ထည့်ထားတာ မဟုတ်ဘဲ ပင်စည်ပတ်ပတ်လည် ပတ်ပြီး ထောက်ထားတာပဲဖြစ်လို့ သစ်ပင်ကို ထိခိုက်တာ၊ နာတာမရှိဘူးလို့လည်း ပြောပါတယ်။ လှေကားထစ်တခုဟာ လူ ၃ ယောက် အလေးချိန် ခံနိုင်တယ်လို့လည်း ပြောပါတယ်။ ၇ မီတာအမြင့် လှေကားတစုံကို လူ ၂ ယောက် ၃ နာရီလောက် တပ်ဆင်ရပြီး ပြန်ဖြုတ်ရင်တော့ နာရီဝက်အတွင်း ပြန်ဖြုတ်လို့ ရပါတယ်။ ဒီ ကြောင်လိမ်လှေကားတွေကို ပိုမိုကောင်းမွန်အောင် ဒီဇိုင်းအိုင်ဒီယာ ဆန်းသစ်မှာဖြစ်ပြီး စီးပွားဖြစ် ထုတ်လုပ်ဖြန့်ချိဖို့လည်း ရည်ရွယ်ထားတယ်လို့ ဒီဇိုင်နာ ၂ ဦးလုံးက ပြောပါတယ်။
6 years Ago
Up