ခေါ်ယူရေး ဂျူဗင်တပ် အခက်ကြုံ

January 17, 2018

နိုင်ငံဥပဒေကြောင့် မြောက်ကိုရီးယား တိုက်စစ်မှူးကို ခေါ်ယူရေး ဂျူဗင်တပ် အခက်ကြုံ

အီတလီကလပ် ဂျူဗင်တပ်အသင်းဟာ မြောက်ကိုရီးယားတိုက်စစ်မှူး ဟမ်ကွမ်ဆောင်ကို ခေါ်ယူလိုပေမယ့် သူ့နိုင်ငံရဲ့ ဥပဒေတွေကြောင့် ခေါ်ယူဖို့ အခက်အခဲတွေ့နေပါတယ်။ အသက် ၁၉ နှစ်ပဲ ရှိသေးတဲ့ မြောက်ကိုရီးယားကစာသမား ဟမ်ကွမ်ဆောင်ဟာ ပြီးခဲ့တဲ့ ရာသီက စီးရီးအေကလပ် ကာဂလီယာအသင်းမှာ ကစားခဲ့တာပါ။ ဒီနှစ်ဘောလုံးရာသီမှာတော့ စီးရီးဘီကလပ် ပါယူရီယာအသင်းမှာ ကစားနေပြီး လိဂ်ပြိုင်ပွဲ ၁၇ ပွဲမှာ ၇ ဂိုးအထိ သွင်းယူပြီး ခြေစွမ်းပြနေတာကြောင့် ဂျူဗင်တပ်အသင်းက ခေါ်ယူလိုနေတာပါ။ မြောက်ကိုရီးယားနိုင်ငံရဲ့ ဥပဒေအရ နိုင်ငံသားတွေအနေနဲ့ နိုင်ငံရဲ့ပြင်ပမှာ အလုပ်လုပ်မယ်ဆိုရင် ရရှိတဲ့ လုပ်ခငွေ အစိုးရဆီကို ပြန်ပေးရတယ်လို့ ဆိုပါတယ်။ ဟမ်ကွမ်ဆောင်အနေနဲ့ ဂျူဗင်တပ်အသင်းဆီ ပြောင်းရွှေ့မယ်ဆိုရင် လုပ်ခလစာ ပိုရလာမှာ ဖြစ်လို့ ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်သလို သူ့ကို ရုပ်သံတွေမှာ ပြသခွင့်လည်း ပိတ်ပင်ထားတယ်လို့ သိရပါတယ်။ ဟမ်ကွမ်ဆောင်ဟာ မြောက်ကိုရီးယား လက်ရွေးစင်တဦးလည်းဖြစ်ပြီး အနာဂတ်မှာ တောက်ပလာမယ့် ကြယ်ပွင့်တဦးအဖြစ် သတ်မှတ်ခံထားရပေမယ့် မြောက်ကိုရီးယားနိုင်ငံရဲ့ ကန့်သတ်ပိတ်ပင်မှုတွေက သူ့ရဲ့ အနာဂတ်ကို ဖျက်ဆီးနေတယ်လို့ ဝေဖန်ကြပါတယ်။
3 years Ago
Up