ခေါ်ယူသတိပေး

December 8, 2018

သာသနာရေးဝန်ကြီးကို အကြီးအကဲများ ခေါ်ယူသတိပေး

အခြားဘာသာကြီးတခုလို့ သုံးနှုန်းပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို ကို အကြီးအကဲတွေက ခေါ်ယူတွေ့ဆုံ သတိပေးခဲ့တယ်လို့ နိုင်ငံတော် သမ္မတရုံးက ပြောပါတယ်။ နေပြည်တော်ရှိ သမ္မတရုံးမှာ မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားခဲ့တာပါ။ “ဒီဟာကတော့ ယဉ်ကျေးမှုနဲ့ သာသနာရေးဝန်ကြီးဌာနက သူပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး ရှင်းလင်းချက်ထုတ်ထားတယ်လို့ သိရပါတယ်။ ပြောကြားခဲ့တဲ့ ကိစ္စကတော့ အကြီးအကဲတွေ ခေါ်ယူတွေ့ဆုံပြောထားပြီးပြီ ဖြစ်တယ်။ အဓိကကတော့ ကျနော်တို့ ဌာနဆိုင်ရာ မီဒီယာတွေနဲ့ တွေ့ဆုံပြောကြားတဲ့အခါမှာ နိုင်ငံတော်အစိုးရရဲ့ မူဝါဒကို ကင်းလွတ်လို့မရဘူး၊ ပုဂ္ဂလိက တဦးချင်း ပြောကြားချက်နဲ့ နိုင်ငံတော်ရဲ့ မူဝါဒ ခွဲခြားသိဖို့လိုတယ်။ ကျနော်တို့ ဆိုင်ရာဆိုင်ရာ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ပြောကြားရတဲ့ ပုဂ္ဂိုလ်တွေရှိတယ်လို့ ဖြေချင်တယ်။” အကြီးအကဲ ဘယ်သူတွေက ခေါ်ယူတွေ့ဆုံခဲ့တယ်ဆိုတာတော့ ဦးဇော်ဌေးက ပြောကြားခဲ့ခြင်းမရှိပါဘူး။ ၀န်ကြီး သူရဦးအောင်ကိုဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်နေ့က မြိုင်ကြီးငူဆရာတော်ရဲ့ အန္တိမအဂ္ဂိဈာပနအခမ်းအနားမှာ တခြားဘာသာကြီးတခုက ဇနီး ၃ / ၄ ဦးယူပြီး သားသမီး ၂၀ လောက် မွေးနေတယ်ဆိုပြီး ဆရာတော်တွေကို လျှောက်ထားခဲ့တာပါ။ ဒါနဲ့ပတ်သက်လို့ ကန့်ကွက်မှုတွေ ထွက်ပေါ်ခဲ့ပြီးနောက် ပြည်တွင်း မွတ်စလင်တွေကို ရည်ညွှန်းတာမဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်ရောက် ဘင်္ဂါလီတွေကို ဆိုလိုတာလို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်က မီဒီယာတွေကို ပြန်လည်ရှင်းလင်းခဲ့ပါတယ်။ ၀န်ကြီး သူရဦးအောင်ကို ပြောကြားခဲ့တဲ့အပေါ် ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က အပြင်းအထန် ကန့်ကွက်ရှုတ်ချခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးကို ဆင့်ခေါ်သတိပေးခဲ့တယ်လို့ သိရပါတယ်။ ဒီဇင်ဘာလအတွင်း    ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ဒုက္ခသည်တွေ ပြန်လာရေးအတွက် နှစ်နိုင်ငံ သဘောတူထားတဲ့ စာချုပ်အတိုင်း ဆောင်ရွက်သွားမှာဖြစ်ပြီး ဟိန္ဒူဘာသာဝင်တွေကို ဦးစားပေးခေါ်ယူလိုကြောင်းလည်း ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
2 years Ago

July 15, 2017

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို အန်အယ်လ်ဒီက ခေါ်ယူသတိပေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ပြောဆိုချက်နဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ခေါ်ယူသတိပေးလိုက်ပါတယ်။ ဇူလိုင် ၁၄ ရက် ရက်စွဲနဲ့ သတိပေး ဆုံးမတဲ့ ကြေညာချက် ထုတ်ပြန်လိုက်တာလို့ ဗဟိုကော်မတီဝင် မုံရွာ အောင်ရှင်က ဒီဗွီဘီကို ပြောပါတယ်။ အန်အယ်လ်ဒီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းကို ဒီဗွီဘီက မေးမြန်းရာမှာ “အသေးစိတ်တော့ ပြောလို့ မရဘူး။ ပြောနိုင်တာက ကျနော်တို့ အန်အယ်လ်ဒီ ပါတီအနေနဲ့ခေါ် ပြောတာ။ အစိုးရနဲ့ ကျနော်တို့ မဆိုင်ဘူး” လို့ ပြောပါတယ်။ ရန်ကုန်ဝန်ကြီးချုပ်က ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့က ရန်ကုန်မြို့ဆီဒိုးနား ဟိုတယ်မှာ USAID နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အလုပ်အကိုင် ဖန်တီးပေးရေး အရပ်ဘက်အဖွဲ့တွေနဲ့ မီဒီယာ စီမံကိန်း အလုပ်ရုံဆွေးနွေးပွဲမှာ အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေး ဆိုတာ ဒီမိုကရေစီခေတ်မှာ မရှိကြောင်းနဲ့ ကာကွယ်ရေးဦးစီးချုပ် ဆိုတာ Protocol အရ ညွှန်ကြားရေးမှူးချုပ် Level သာ ရှိတယ်လို့ ပြောဆိုထားပါတယ်။ ဦးဖြိုးမင်းသိန်းရဲ့ ပြောဆိုချက်အပေါ်မှာ တပ်မတော်က လိုအပ်သလို စိစစ်အရေးယူပေးဖို့ အစိုးရဆီကို တင်ပြထားပါတယ်။ ပြည်ထောင်စု အစိုးရဘက်ကတော့ ရန်ကုန်ဝန်ကြီးချုပ် ပြောဆိုချက်ဟာ အစိုးရ သဘောထား မဟုတ်သလို ဦးဖြိုးမင်းသိန်းအနေနဲ့ ဆောင်ရွက်ရမယ့် အပိုင်းတွေကို ညွှန်ကြားထားပြီး ဖြစ်တယ်လို့ တပ်မတော်ကို အကြောင်းပြန်ထားပါတယ်။
4 years Ago
Up