ခွေးရူးကာကွယ်ဆေး

February 15, 2019

ဘားအံဆေးရုံတွင် ခွေးရူးကာကွယ်ဆေး ပြတ်နေသဖြင့် ပြင်ပက ၀ယ်ယူထိုးနှံနေရ

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ပြည်သူ့ဆေးရုံကြီးမှာ ခွေးရူးရောဂါ ကာကွယ်ဆေး လုံလောက်မှုမရှိဘဲ ပြတ်လပ်နေတယ်လို့  ဆေးရုံအုပ်ကြီး ဒေါက်တာဘရမ်အောင်ကပြောပါတယ်။ “လက်ရှိအခြေအနေမှာ တနိုင်ငံလုံးအနေနဲ့ ဆေးလက်ကျန်မရှိ ဖြစ်နေတယ်လို့ကြားရတယ်။ အဲဒါကြောင့်မို့လို့ ဆေးပြတ်သွားတာ။ ပွင့်ပွင့်လင်းလင်း ပြောရရင် အိုပီတီမှာ ဆေးထိုးစရာမရှိတာ ဒီလ ၇ ရက်နေ့က  စပြီးပြတ်နေတာ”လို့ ပြောပါတယ်။ လတ်တလော ဆေးရုံကြီးမှာ ဆေးပြတ်နေတာကြောင့် ခွေးကိုက်ခံရသူတွေအနေနဲ့ ကာကွယ်ဆေးထိုးနှံနိုင်ဖို့ အပြင်ဆေးဆိုင်တွေကနေ ၀ယ်ယူပြီး ထိုးနှံနေရတယ်လို့  မြို့ခံတွေက ပြောပါတယ်။ ဘားအံမြို့၊ အမှတ် ၉ ၀ါဆိုဦးရပ်ကွက်နေ ဒေါ်ရီရီစန်းက“ဆေးရုံကြီးက ပြောတယ်။ သူတို့မှာဆေးကုန်နေလို့တဲ့။ အပြင်မှာဝယ်ထိုးရမယ်ပေါ့။ အဲဒါနဲ့ အပြင်မှာဝယ်ပြီး ထိုးလိုက်ရတယ်။ အလကားထိုးပေးနေတယ်ဆိုတော့ တကယ်လက်တွေ့မှာကျတော့ အခက်အခဲတွေ အကြီးအကျယ်ကြုံရတယ်”လို့ ပြောပါတယ်။ ဘားအံပြည်သူဆေးရုံကြီးဟာ ပြည်နယ်အဆင့်ဆေးရုံကြီးဖြစ်ပေမယ့် အရေးပေါ်ဆေးဝါးတွေ ပြည့်စုံလုံလောက်မှုမရှိဘဲ အပြင်ဆေးခန်းတွေမှာ ၀ယ်ယူနေရာတာတွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေလည်းရှိပါတယ်။ ဘားအံမြို့၊ အမှတ် ၉ ရပ်ကွက်၊ မ၀င်းနန္ဒရွှေက“သမီးခွေးရူးကိုက်တာ ၁၉ ရက် ၁ လပိုင်းက။ ဆေးရုံသွားတော့ ဘယ်နေရာထိသွားလဲ မမေးဘူး။ သမီးကို သွေးထွက်သွားသေးလား။ အဲလိုပဲမေးပြီး ဆေးရေးပေးပြီးတော့ ဆေးသွားဝယ်ခိုင်းတယ်။ အများအားဖြင့် ဆေးရုံကြီး ဆိုတာ မရှိမဖြစ်ကိရိယာတွေရော၊ ဆေးဝါးတွေရောရှိ သင့်တယ်လို့ထင်တယ်”လို့ ပြောပါတယ်။ ခွေးကိုက်ခံရတဲ့သူတွေဟာ ခွေးရူးရောဂါကာကွယ်ဆေးကို ၄ ကြိမ်တိုင်တိုင်ထိုးနှံရမှာဖြစ်ပြီး ပထမအကြိမ်နဲ့ ဒုတိယအကြိမ်အတွက် ဆေးဖိုး ကျပ် ၁၅၀၀၀ လောက်ကုန်ကျပါတယ်။ တတိယအကြိမ်နဲ့ စတုတ္ထအကြိမ်အတွက် ကျပ် ၁၅၀၀၀လောက် ထပ်မံကုန်ကျပါတယ်။ ခွေးရူးရောဂါကာကွယ်ဆေးနဲ့ပတ်သက်ပြီး ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးရုံး၊ ဦးစီးဌာနမှူးကို ဒီဗွီဘီက သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပေမယ့် တာဝန်ရှိသူ မအားလပ်တဲ့အတွက် ဖြေကြားနိုင်ခြင်းမရှိသေးဘူးလို့ ပြန်လည်ပြောကြားခဲ့ပါတယ်။ ရဲမင်းခေါင်
2 years Ago
Up