ခွေးလေခွေးလွင့်များအား အဆိပ်ကျွေး

May 26, 2017

ခွေးလေခွေးလွင့်များအား အဆိပ်ကျွေး သတ်ဖြတ်မှု ရပ်တန့်ပေးရန် တောင်းဆို

လမ်းဘေး ခွေးလေခွေးလွင့်တွေကို အဆိပ်ချ သတ်ဖြတ်တာကို ရပ်တန့်ပေးဖို့နဲ့  နိုင်ငံတကာမှာ အသုံးပြုနေတဲ့ အမျိုးထိန်းစနစ်နဲ့  ဆက်လက်အသက်ရှင်သန်ခွင့်ပြုဖို့  မြန်မာနိုင်ငံလုံးဆိုင်ရာ တိရစ္ဆာန်ညှဉ်းပန်းနှိပ်စက်မှု ကာကွယ်စောင့်ရှောက်ရေးကွန်ရက်က တောင်းဆိုလိုက်ပါတယ်။ ခွေးတွေကို အဆိပ်ချ သတ်ဖြတ်နေတာကို အပြီးတိုင်ရပ်ဖို့အတွက် ရန်ကုန် မြို့တော်ခန်းမရှေ့မှာ လာမယ့် မေ ၂၈ ရက်နေ့ ဆန္ဒပြတောင်းဆိုဖို့ စီစဉ်ထားတယ်လို့ တိရစ္ဆာန်ညှဉ်းပန်းနှိပ်စက်မှု ကာကွယ်စောင့်ရှောက်ရေးကွန်ရက်က ကိုသန့်ဇင်က ပြောပါတယ်။ “အဓိကကတော့ ကျနော်တို့က လမ်းဘေးခွေးလေးတွေကို အဆိပ်ချ သတ်ဖြတ်နေတာနဲ့ ပတ်သက်လို့ ကျနော်တို့က လုံးဝရပ်တန့်ဖို့အတွက်ပေါ့နော်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ဗုဒ္ဓဘာသာနိုင်ငံမှာ ဒါမျိုး ဖြေရှင်းနည်းကို လုံးဝ လက်မခံနိုင်ဘူး။ ကျနော်တို့ တိရစ္ဆာန်ချစ်သူ၊ မုန်းသူအနေနဲ့ မဟုတ်ဘဲ၊ ကိုယ်ချင်းစာစိတ်ထားပြီး လုပ်ကြမယ့်ပွဲပါ။ ကျနော်တို့တွေ တားဆေးတွေထိုးပြီး နိုင်သမျှကို လုပ်ပေးနေတယ်။ အဲဒါ ကျနော်တို့တွေနဲ့ မပူးပေါင်းဘဲနဲ့ ကျနော်တို့ လုပ်ပြီးသားလေးတွေ ပြန်ပြီးသတ်နေတော့ ကျနော်တို့တွေမှာ လူပင်ပန်း ငွေကုန်ကြေးကျတွေ ခံထားရတာ။ ဒါကို ကျနော်တို့ တိရစ္ဆာန်ချစ်သူတွေက လုံးဝ မခံမရပ်နိုင်တွေ ဖြစ်လာပြီးတော့ ကျနော်က ဦးဆောင်ပြီးမှ လုပ်တာပါ။ ” ဒါ့အပြင် ခွေးတွေကို သတ်တာနဲ့ပတ်သက်ပြီး သားသတ်ဌာနမှာ ဥပဒေရှိတဲ့အကြောင်း၊ လူတွေ အန္တရာယ်ဖြစ်စေတဲ့ ရောဂါပိုးတွေ သယ်ဆောင်လာတဲ့ ခွေး၊ ကြွက်တွေကို အခါအားလျော်စွာ နှိမ်နင်းတာရှိပြီး အဲဒီဥပဒေကို ပြင်ဆင်မှသာလျှင် ခွေးတွေကို သတ်ဖြတ်တာ ရပ်သွားမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ ဒါကြောင့် ဒီဥပဒေပြင်ဖို့အတွက်လည်း လုပ်ဆောင်သွားမယ်လို့ ကိုသန့်ဇင်က ပြောပါတယ်။
4 years Ago
Up