ခွေးကလေးရုပ်သံ

December 28, 2016

ရထားသံလမ်းကြား ညပ်နေခဲ့သည့် ခွေးမလေးကို ကာကွယ်ပေးသည့် ခွေးကလေးရုပ်သံ ရေပန်းစား

ချမ်းအေးလှတဲ့ရာသီမှာ ရထားသံလမ်းကြားထဲ ထိခိုက်ဒဏ်ရာတွေနဲ့ ပြန်ထွက်မရဘဲ နှစ်ရက်ကြာ ညပ်နေခဲ့တဲ့ ခွေးကလေးတကောင်အဖို့ သေဆုံးသွားဖို့ကလွဲရင် တခြား မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ဒီအဖြစ်အပျက်ကတော့ တကယ့်ကို ချစ်ခြင်းမေတ္တာရဲ့ စွမ်းအားကို ပြသလိုက်တာပါပဲ။ လူစီအမည်ရတဲ့ ခွေးမလေးဟာ ယူကရိန်းနိုင်ငံ ရထားသံလမ်းမကြီးတခုပေါ်မှာ ဒဏ်ရာတွေနဲ့အတူ ၂ ရက်ကြာ ညပ်နေခဲ့ချိန်မှာ သူ့ရဲ့အဖော် ပန်ဒါက အကာကွယ်ပေးခဲ့ပြီး အသက်ရှင်လွတ်မြောက်လာခဲ့တာ ဖြစ်တယ်လို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ လူစီဟာ ဒဏ်ရာတွေနဲ့အတူ မလှုပ်ရှားနိုင်တော့ဘဲ ရှိနေခဲ့ရတဲ့ ဒီအခိုက်အတန့်ဟာ တကယ့်ကို သွေးပျက်စရာ ကောင်းလှပါတယ်။ ရထားသံလမ်းပေါ် ရထားခုတ်မောင်းလာချိန်မှာ ခွေးကလေး ပန်ဒါဟာ လူစီရဲ့ကိုယ်ပေါ်ကနေ အုပ်မိုးကာ မြေပြင်ဆီ ဝပ်လျက်အနေအထားနဲ့ မထိခိုက်မိအောင် ကာကွယ်ပေးရင်း အသက်ဆက်နေထိုင်ခဲ့တာပါ။ အနီးနားကို လာရောက်စူးစမ်းကြသူတွေကိုလည်း ထိုးဟောင်ခဲ့ကာ ရန်မမူနိုင်အောင် ကာကွယ်ပေးခဲ့တာဟာ တကယ့်ကို အံ့သြစရာပါပဲ။ ဒီအခြေအနေကို ဒဲန်းနစ္စ မာလာဖေရက်ဗ် အမည်ရသူတဦးက တွေ့ရှိခဲ့ပြီး ရထားလာချိန် ခေါင်းကို ငုံ့လျှိုးရှောင်တိမ်းကာ အကာအကွယ်ပေးနေခဲ့တဲ့ အဖြစ်အပျက်ကို ရိုက်ကူးထားခဲ့တာပါ။ “လူစီဟာ ရထားဖြတ်သွားချိန်မှာပဲ ဒဏ်ရာရခဲ့လေသလား။ ဘယ်လိုဖြစ်ပြီး ခုလို ဖြစ်ရသလဲဆိုတာ မသိနိုင်ပါဘူး။ ကျနော့်သူငယ်ချင်းတယောက်ဆီကို ဖုန်းဆက်ပြီး ခွေးကလေး ၂ ကောင်ဟာ ရထားသံလမ်းပေါ်မှာ ၂ ရက်လောက် ခုလိုဒုက္ခရောက်နေတဲ့အကြောင်း ပြောပြခဲ့ပြီး ကယ်တင်ခဲ့တာပါ” လို့ ပြောပါတယ်။ လက်ရှိမှာတော့ ခွေးကလေးတွေကို ဒေသတွင်း တိရစ္ဆာန်ဆေးကုခန်းတခုဆီ ခေါ်ဆောင်ကာ ဆေးကုသပေးနေတယ်လို့ ဆိုပါတယ်။ ဒီ စိတ်ကြည်နူးစရာ ရုပ်သံဗွီဒီယိုဖိုင်ဟာ ယူကရိန်းမှာသာမက ရုရှားမှာပါ ရေပန်းစား ပျံ့နှံ့သွားခဲ့တာပါ။ ဒဲန်းနစ္စ မာလာဖေရက်ဗ်က “ဒါကို ဗီဇအကျင့်စရိုက်၊ ချစ်ခြင်းတရား၊ မိတ်ဆွေပီသမှု၊ သစ္စာတရား၊ ဘယ်လိုခေါ်ရမလဲဆိုတာ ကျနော်မသိပါဘူး။ သေချာပေါက်ပြောနိုင်တာတခုကတော့ လူတွေအားလုံးမှာတောင် ခုလိုအခြေအနေမျိုးနဲ့ ထပ်တူဖြစ်လာခဲ့ရင် လုပ်နိုင်လိမ့်မှာတော့ မဟုတ်ပါဘူး” လို့ ပြောပါတယ်။
5 years Ago
Up