ခွေး

May 17, 2019

၁၅ နှစ်အရွယ် မိန်းကလေးက မွေးပြီး မြေမြှုပ်ခဲ့သည့် ကလေးကို ခွေးက ပြန်ဖော်ကယ်တင် (ရုပ်သံ)

ထိုင်းတောင်ပိုင်း နခွန်းဆီထမရတ်ခရိုင်ထဲမှာ ၁၅ နှစ်ရွယ် ဆယ်ကျော်သက် မိန်းကလေးက မွေးပြီး မြေမြှုပ်ထားတဲ့ မွေးစကလေးတယောက်ကို ခွေးတကောင်က ပြန်ဖော်ပြီး ကယ်တင်ခဲ့ပါတယ်။ နခွန်းဆီထမရတ်ခရိုင် ချွန်းဖုန်းမြို့နယ် ထာ့လတ်ကျေးရွာအုပ်စု နောင်ခန်ကျေးရွာက နွားကျောင်းသမား နိုင်းအူဆာဆိုသူဟာ ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့က တောထဲ နွားသွားကျောင်းစဉ် အတူလိုက်လာတဲ့ သူ့ခွေးက မြေကြီးကိုယက်ပြီး ဟောင်နေလို့ သွားကြည့်ခဲ့ကြောင်း၊ အဲဒီနေရာမှာ ကလေးငိုသံနဲ့အတူ မြေကြီးထဲကနေ ခြေထောက်တဖက်ထွက်လာလို့ တူးဖော်ကယ်ဆယ်ပြီး ရွာကို ပွေ့လာခဲ့တယ်လို့ သတင်းထောက်ကို ပြောပါတယ်။ ရွာရောက်တော့ ရွာသားတွေက ကလေးငယ်ကို ချွန်းဖုန်းဆေးရုံ ပို့ပေးခဲ့ကြောင်း၊ ကလေးငယ်ဟာ အလေးချိန် ၂၄၀၀ ဂရမ်ရှိ ယောက်ျားလေးဖြစ်ပြီး ဆေးရုံရဲ့ ပြုစုမှုအောက်မှာ ကျန်းကျန်းမာမာ ရှိနေတယ်လို့ ဆိုပါတယ်။ ဆေးရုံက ရဲကို အကြောင်းကြားရာမှာ ရဲတပ်ဖွဲ့က မိမိရင်သွေးကို စွန့်ပစ်ပြီး မြေမြှုပ်ခဲ့တဲ့ ကလေးအမေကို လိုက်လံရှာဖွေခဲ့ကြောင်း၊ အဲဒီရွာထဲက အသက် ၁၅ နှစ်ရွယ် မိန်းကလေး တယောက်ဟာ အမျိုးသမီးဓမ္မတာသုံး ဂွမ်းထုပ်တွေကို သံသယဖြစ်ဖွယ် အများကြီး ဝယ်ယူခဲ့လို့ ကျေးရွာတာဝန်ရှိသူတွေက ခေါ်စစ်ရာ သူမဟာ ကလေးအမေဖြစ်ကြောင်း ဝန်ခံခဲ့တယ်လို့ သတင်းထောက်ကို ပြောပါတယ်။ အဲဒီမိန်းကလေးဟာ ကိုယ်ဝန်ရှိနေတာကို အိမ်ကမိဘတွေ သိမှာစိုးလို့ ဖုံးဖိခဲ့ကြောင်း၊ ကလေးကိုလည်း သူမဘာသာမွေးပြီး လူမသိအောင် တောထဲသွား မြှုပ်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ တာဝန်ရှိသူတွေက အဲဒီမိန်းကလေးကို ဥပဒေအရ အရေးယူဖို့ ထိန်းသိမ်းထားပြီး မိန်းကလေး မိဘတွေကတော့ အဲဒီကလေးလေးကို မွေးစားဖို့ ဆေးရုံကို ပြန်တောင်းထားပါတယ်။ ကလေးလေးကို မြေကြီးထဲကနေ ပြန်ဖော်ခဲ့တဲ့ ခွေးကတော့ ဘိင်းပေါင်းလို့ခေါ်ပြီး နွားကျောင်းသားက မွေးထားတာ ၆ နှစ်ရှိပြီဖြစ်ကြောင်း၊ ဘိင်းပေါင်းဟာ မနှစ်က ကားတိုက်ခံရလို့ ခြေတဖက်ကျိုးနေကြောင်း၊ သူဟာ အနက်ရောင်အမွေးရှိပြီး မလှမပ ဒုက္ခိတခွေးတကောင် ဖြစ်ပေမယ့် ကလေးကို ကြင်နာသနားစွာ ကယ်တင်ခဲ့တဲ့ သူရဲကောင်းအဖြစ် လူတွေက ချီးကျူးနေကြပါတယ်။
3 years Ago

February 9, 2019

အီရန်တွင် ခွေးနှင့်အတူလမ်းလျှောက်ပါက အရေးယူခံရမည်

အီရန်နိုင်ငံရဲ့ မြို့တော်တီဟီရန်မြို့က အာဏာပိုင်တွေက ပန်းခြံတွေနဲ့ လမ်းတွေလို အများနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ ခွေးနဲ့လမ်းလျှောက်တာကို ပိတ်ပင်တားမြစ်လိုက်ပြီလို့ သိရပါတယ်။ ဒါဟာ အစ္စလာမ္မစ်နိုင်ငံမှာ ခွေးမွေးတာကို အားမပေးဖို့ ကာလရှည်လုပ်ဆောင်နေတဲ့ ဆောင်ရွက်ချက်တွေရဲ့ အစိတ်အပိုင်းတခုလည်း ဖြစ်တယ်လို့ OC သတင်းမှာ ဖေဖော်ဝါရီ ၄ ရက်နေ့က ဖော်ပြပါတယ်။ တီဟီရန်မြို့ရဲ့ ရဲချုပ်ဖြစ်သူ ဟူစိန် ရာဟီမီက အများနဲ့ဆိုင်တဲ့နေရာတွေမှာ ခွေးနဲ့ လမ်းလျှောက်တာကို တားမြစ်ဖို့ တီဟီရန် အစိုးရရှေ့နေရုံးက အတည်ပြုချက်ကို ရယူပြီးဖြစ်ပြီး ချိုးဖောက်သူတွေကို ထိရောက်စွာအရေးယူသွားမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ခွေးတွေဟာ ပြည်သူတွေအတွက် ကြောက်ရွံ့မှုနဲ့ စိုးရိမ်မှုကိုဖြစ်စေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီလိုတားမြစ်လိုက်တာ ဖြစ်ပေမယ့် အများစုကတော့ တားမြစ်ချက်ရဲ့ နောက်ကွယ်မှာ နောက်ထပ်အကြောင်းတရား များစွာရှိနေတယ်လို့ မှတ်ချက်ပြုပါတယ်။ အကြောင်းကတော့ အီရန်နိုင်ငံရဲ့ ဘာသာရေးခေါင်းဆောင်တွေက ခွေးတွေဟာ မသန့်ရှင်း၊ မစင်ကြယ်ဘူးလို့ သတ်မှတ်ထားကြပြီး ခွေးမွေးတာဟာ အနောက်အုပ်စုကို လိုလားအားပေးတဲ့ ပြယုဂ်တခု ဖြစ်တယ်လို့လည်း ရှုမြင်ထားပါတယ်။ တီဟီရန်မြို့ ရဲချုပ်ရဲ့ ကြေညာချက်မှာ စည်းကမ်းဖောက်ဖျက်သူကို ထိထိ ရောက်ရောက် အရေးယူအပြစ်ပေးမယ်လို့ ပါဝင်နေပြီး ခွေးပိုင်ရှင်တွေအတွက် နောက်ထပ် ခြိမ်းခြောက်မှုတခု ကတော့ ခွေးတွေနဲ့ လမ်းမလျှောက်ရတာအပြင် ခွေးတွေကို ကားနဲ့ တင်ဆောင်သွားတာလည်း မပြုလုပ်ရဘူးဆိုတဲ့ ပိတ်ပင်ချက်ပဲဖြစ်ပါတယ်။ “ခွေးတွေကို ကားနဲ့ခေါ်ဆောင်သွားတာတွေ့ရရင် ယာဉ်မောင်းဖြစ်သူဟာ အရေး ယူခံရမယ်” လို့လည်း ရာဟီမီက ပြောပါတယ်။ မကြာသေးခင်အချိန်ကာလအတွင်း အီရန်နိုင်ငံအတွင်းမှာ ခွေးမွေးမြူရေးနဲ့ ပတ်သက်တဲ့ ကန့်ကွက်မှုတွေ ပိုမိုပြင်းထန်လာခဲ့ပြီး ဒီလိုပြင်းထန်လာခဲ့မှုကြောင့် ဒီသတ်မှတ်ချက်တွေ ပေါ်ထွက်လာခဲ့ရတာဖြစ်ပါတယ်။ ကွနှ်ဆာဗေးတစ် နိုင်ငံရေးသမားတဦးဖြစ်သူ ဟာမီ ဒရီဇာ တာရက်ဟီက “ကျနော်တို့ ပြည်သူတွေအနေနဲ့ ခွေးတွေရှိတဲ့နေရာတွေမှာ ဝတ်ပြုဆုတောင်းဖို့ မဖြစ်နိုင်ကြောင်းနဲ့ ခွေးပိုင်ရှင်တွေဟာ အရေးကြီးတဲ့အရာတွေအစား သူတို့ခွေးတွေအတွက်သာ ပိုမိုသုံးစွဲနေကြပါတယ်” လို့ ပြောပါတယ်။ အီရန်နိုင်ငံရဲ့ ဘာသာရေးခေါင်းဆောင်တစ်ဦးက “ခွေးပိုင်ရှင်တွေဟာ ဘာသာရေးရဲ့ သတ်မှတ်ချက်တွေကို လျစ်လျူရှုနေကြပါတယ်။ သူတို့ဟာ အနောက်နိုင်ငံတွေရဲ့ ရုပ်သံလိုင်းတွေကအတိုင်း အတုယူပြီးတော့ ခွေးလေးတွေနဲ့ လမ်းလျှောက်ထွက်ကာ အများပြည်သူကို အနှောင့်အယှက်ဖြစ်စေလျက်ရှိပါတယ်” လို့ ပြောပါတယ်။ အီရန်နိုင်ငံဟာ နိုင်ငံသားတွေရဲ့ ခွေးမွေးမြူမှုကို တားမြစ်ဖို့ ကာလရှည်ကြိုးပမ်းဆောင်ရွက်နေပြီး ၂၀၁၀ ပြည့်နှစ်တုန်းကလည်း နိုင်ငံရဲ့ ထိပ်တန်းဘာသာရေးခေါင်းဆောင်းတဦးက ခွေးတွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူတာမလုပ်ဖို့ ဘာသာရေးအမိန့် ထုတ်ပြန်ခဲ့ဖူးပါတယ်။ ဒီလိုထုတ်ပြန်ခဲ့ပေမယ့် ခွေးမွေးမြူတာဟာ တီဟီရန်အပါအဝင် နိုင်ငံရဲ့မြို့ကြီးတွေမှာ လူကြိုက်များခဲ့ကြပြီး ခွေးပိုင်ရှင်အချို့က သူတို့ခွေးတွေကို စွန့်ပစ်မယ့်အစား ထောင်ထဲပဲ ဝင်မယ်လို့ ပြောဆိုခဲ့ကြပါတယ်။
3 years Ago
Up