ချေးငွေစရိတ်လျှော့ချရန် ရွေ့လျားအိမ်ဆောက်သည့် တက္ကသိုလ်ကျောင်းသား

July 5, 2015

အွန်လိုင်းပေါ်ရောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း၏ စန္ဒရားလက်သံ (ရုပ်သံ)

ဇူလိုင် ၄ ရက် အမေရိကန် ပြည်ထောင်စုရဲ့ လွတ်လပ်ရေးနေ့ မတိုင်ခင်မှာ နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဒေါက်တာ ကွန်ဒိုလီဇာ ရိုက်စ်က Amazing Grace “အံ့ဖွယ် ဂုဏ်ကျက်သရေ” ဆိုတဲ့ ဓမ္မတေး သီချင်း တီးခတ်နေတဲ့ ရုပ်သံကို လူမှုရေးကွန်ရက်ပေါ်တင်ခဲ့ပါတယ်။ ဂရမ်မီဆုအတွက် ရွေးချယ်ခံထားရတဲ့ တယော ပညာရှင် အုပ်စ်ဘတ်ကာနဲ့ အတူ ၅ မိနစ်နီးပါးကြာတဲ့ ရုပ်သံမှာ ရိုက်စ်က  စန္ဒယားကို တီးခတ်ထားပါတယ်။ ဇူလိုင် ၃ ရက်က သူရဲ့ လူမှုရေးကွန်ရက် ဖေ့ဘွတ်ခ် စာမျက်နှာမှာ တင်ခဲ့တာ ဖြစ်ပါတယ်။ “Amazing Grace က ကျမနှလုံးသားထဲက အထူးနေရာ တခုမှာ အမြဲတမ်း သိမ်းထားပါတယ်။” လို့ ဒေါက်တာ ရိုက်စ်က ရေးပါတယ်။ ဒီတိုင်းပြည်မှာ ရှိနေတဲ့ ဘုရားသခင်ရဲ့ ကောင်းချီးနဲ့ ကျမတို့ လွတ်လပ်မှု အတွက် ပေးဆပ်သွားတဲ့ အမျိုးသမီးနဲ့ အစိုးရ အမှုထမ်းတွေကို အသိအမှတ်ပြုဖို့ ဇူလိုင် ၄ ရက် စနေတနင်္ဂနွေ အားလပ်ရက်နဲ့ တိုက်ဆိုင်နေတဲ့ အချိန်မှာ ဒီဗွီဒီယိုကို ထုတ်ဖို့ သင့်တော်မယ်လို့ ထင်ပါတယ်လို့လည်း ရိုက်စ်က ရေးသားထားပါတယ်။
6 years Ago

လေအားသုံး လျှပ်စစ်ထုတ်စက် စပိန်ပညာရှင် တီထွင်

၁၉၄၀ ခုနှစ်က အမေရိကန်နိုင်ငံမှာ လေပြင်းတိုက်တဲ့အတွက် ကြိုးဆိုင်းတံတားတစင်း ပျက်ကျခဲ့တဲ့ ဖြစ်ရပ်ကိုအခြေခံပြီး လေထဲမှာ ယိမ်းနွဲ့ပြီး အမြင်ဆန်းသလောက် အသံဆူညံမူမရှိတဲ့ လေအားသုံး လျှပ်စစ်ထုတ်စက်ကို စပိန်နိုင်ငံမှာ တီထွင်လိုက်ပါတယ်။ လေဒလက်မပါတဲ့ ဒီတာဘိုင်ဟာ လုံးချွန် သဏ္ဌာန်ရှိပြီး လေထဲမှာယိမ်းနွဲ့ရင်းနဲ့ လျှပ်စစ်ထုတ်ပေးနိုင်ပါတယ်။ အော်ပရာအဆိုတော်တယောက် အမြင့်ဆုံးအသံထိတင်ဆိုချိန်မှာ ဖန်ခွက်ကွဲသွားတဲ့ အဖြစ်မျိုးနဲ့တူတယ်လို့ တီထွင်သူက ပြောပါတယ်။ ဒေးဗစ်ယန်နဲ့ဇ် ဟာ စပိန်က ကုမ္ပဏီသစ်ဖြစ်တဲ့ Vortex Bladeless ကို တွဲဖက်တည်ထောင်သူ ဖြစ်ပါတယ်။ "ခုနှစ်သံချီ ဟစ်နိုင်တဲ့ အဆိုရှင်တယောက်က ဖန်ခွက်နားကပ်ပြီးသီချင်းဆိုမယ်။ ဖန်ခွက်မှာ တုန်ခါနေတဲ့အသံနဲ့အပြိုင် ဆိုတဲ့အခါ ဒီအသံက ဖန်ခွက်ကို ခွဲပစ်နိုင်တာကို ကျနော်အားလုံး မြင်ဖူး ကြပြီးသားပါ။ ဒီလိုဟိန်းသံမျိုးဟာ စွမ်းအင်ထုတ်ဖို့ အကောင်းဆုံးနည်းပဲ။ အသံလှိုင်းကို သုံးမယ့်အစား ကျနော်တို့က လေ၀ဲကတော့ကို သုံးတာပါ။ ဒီတိုင်ကို လေတိုက်လိုက်တဲ့အခါ ဖြစ်လာတဲ့ လေ၀ဲပါ" လို့ ဒေးဗစ်ယန်နဲ့ဇ်က ပြောပါတယ်။ ဒီလေအားလျှပ်စစ်ထုတ်စက်ကို ၆ မီတာမြင့်ပြီး ဖိုင်ဘာမှန်တွေ၊ ကာဗွန်ဖိုင်ဘာတွေနဲ့ တည်ဆောက်ထားတာပါ။ ဒီတိုင်က လေ၀ဲကတော့တွေကိုသုံးပြီး စွမ်းအင်အဖြစ်ပြောင်းနိုင်တဲ့ လှုပ်ရှားမှုပုံစံ အမျိုးမျိုး ဖြစ်လာပါတယ်။ ထုလုံးချွန်သဏ္ဌာန်လေဒလက်ရဲ့အောက်ခြေက သံလိုက်တွေဟာ လေတိုက်နှုန်းအလိုက် ဒလက်ရဲ့လှုပ်ရှားမှုကို ချိန်ညှိပေးပါတယ်။ "ဒါကတော့ တိုင်ပေါ့။ သူ့မှာပါတဲ့ ထိပ်ပိုင်းတစ်ခုက ဒလက်အဖြစ်အလုပ်လုပ်ပေးတယ်။ သာမန် ဂျင်နရေတာတစ်လုံးမှာပါတဲ့ ပစ္စည်းမျိုးတွေနဲ့ပဲ တည်ဆောက်ထားတယ်။ သူက တုန်ခါမယ်။ ပြီးရင် အဲဒီတုန်ခါမှုကို သမားရိုးကျပြန်လှန်လျှပ်ထုတ်စက်ဆီကိုပို့လွှတ်တယ်။ သူကိုယ်တိုင်တုန်ခါမှုကနေမှ လေစွမ်းအင်ကို လျှပ်စစ်စွမ်းအင်အဖြစ်ပြောင်းလဲပေးတာပါ" လို့ ဒေးဗစ်ယန်နဲ့ဇ် ဆိုပါတယ်။ Vortex ကုမ္ပဏီကတော့ ဒီတာဘိုင်ဟာ ဒလက် ၃ ခုပါ သမားရိုးကျ လေအားလျှပ်စစ်ထုတ်စက်တွေရဲ့ ကုန်ကျစရိတ်ထက် ၄၀ ရာနှုန်းလောက်ပဲ ကုန်ကျမှာဖြစ်ပြီး ကာဗွန်ထုတ်လွှတ်မှုနည်းသလို ပြုပြင် ထိန်းသိမ်းမှုစရိတ်လည်းကျဉ်းတယ်လို့ ဆိုပါတယ်။ သူ့နားက ဖြတ်ပျံတဲ့ငှက်တွေအတွက်လည်း အန္တရာယ် ပိုကင်းမှာဖြစ်ပါတယ်။ လက်ရှိရလဒ်တွေက အားရစရာမို့ Vortex က ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အိမ်တွင်းသုံးနိုင်မယ့် ရှေ့ပြေးပုံစံငယ်တခုကို စမ်းသပ်နေပါပြီ။ "အခုကျနော်တို့လုပ်နေတာက ၃ မီတာအမြင့်ထက်နိမ့်ပြီး အိမ်အမိုးတွေပေါ်မှာ တပ်ဆင်နိုင်သလို စွမ်းအင်နည်းနည်းပဲထုတ်ပေးနိုင်တဲ့ နမူနာပုံစံတစ်ခုကို တိုးတက်တီထွင်နေတာပါ" လို့ ဒေးဗစ်ယန်နဲ့ဇ်က  ပြောပါတယ်။ Vortex ကုမ္ပဏီထုတ် တာဘိုင်အသစ်ဟာ စပိန်နိုင်ငံရဲ့ ငွေကြေးအကျပ်အတည်းပြီးတဲ့နောက် ပြည့်မြဲ စွမ်းအင်အသုံးချမှုကို မြှင့်တင်နိုင်တဲ့ ကိရိယာဖြစ်လာခဲ့ပါတယ်။ ရင်းနှီးမတည်ငွေပြည့်စုံပြီမို့ လေကနေ စွမ်းအင်ကို အလွယ်တကူ ထုတ်နိုင်တော့မယ်လို့ မျှော်လင့်ထားပါတယ်။  
6 years Ago

July 4, 2015

ချေးငွေစရိတ်လျှော့ချရန် ရွေ့လျားအိမ်ဆောက်သည့် တက္ကသိုလ်ကျောင်းသား

ပညာရေးပြီးဆုံးသည်အထိ နေထိုင်ပြီး ချေးငွေစရိတ်မကုန်ပဲ ပညာဆက်လက်သင်ယူနိုင်ဖို့ ရည်ရွယ်ပြီး တက္ကသိုလ်ကျောင်းသားတဦးဟာ ၁၄၅ ပေပတ်လည် ရွေ့လျားအိမ်တလုံးကို ကိုယ်တိုင်တည်ဆောက်ခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ်ဂျိုဝယ်ဗာဟာ ဒီနှစ်ဆောင်းဦးရာသီမှာ အော်စတင်အရပ်က တက္ကဆက်တက္ကသိုလ်မှာ တတိယနှစ် စတင်တက်ရောက်ရတော့မှာပါ။ ကျောင်းအနီးမှာ နေထိုင်ဖို့ လစဉ်ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၈၀၀ (၅၁၅ ပေါင်) လောက် ကုန်ကျတာကို လျှော့ချနိုင်ဖို့အတွက် သူက ဒီအိမ်ကို တည်ဆောက်ခဲ့တာပါ။ တခြားကျောင်းသားတွေနဲ့မတူပဲ သူက ချေးငွေအသုံးစရိတ်တွေနဲ့ ၀န်ထုပ်ဝန်ပိုးမဖြစ်ချင်တဲ့အတွက် အမေရိကန်ဒေါ်လာ ၂၀၀၀၀(ပေါင် ၁၂၈၀၀)ကုန်ကျတဲ့ ကိုယ်ပိုင်အိမ်လေးကို တည်ဆောက်ခဲ့တယ်လို့ သတင်းမှာဖော်ပြပါတယ်။ ထပ်ခိုးနှစ်ခုပါဝင်တဲ့ သူ့ရဲ့အိမ်ဟာ ရေပိုက်သွယ်တန်းမှု၊ လျှပ်စစ်သွယ်တန်းမှုစနစ်၊ ရေချိုးခန်း၊ မီးဖို စတာတွေ ပါဝင်ပြီး ကိုယ်ပိုင်စုဆောင်းငွေတွေနဲ့ ဒေသခံတွေရဲ့ကူညီမှုတွေနဲ့ တည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။ အိမ်ရဲ့ဒီဇိုင်းကို သူကိုယ်တိုင်ဆွဲခဲ့တာဖြစ်ပြီး ဆောက်လုပ်တဲ့နေရာမှာတော့ စေတနာ့ဝန်ထမ်း လက်သမားတွေနဲ့ လျှပ်စစ်ကျွမ်းကျင်သူတွေက အကူအညီပေးခဲ့ကြတယ်လို့ အေဘီစီသတင်းဌာနကို ပြောပါတယ်။ အခုတော့ သူဟာ အိမ်ကို ထိန်းသိမ်းစောင့်ရှောက်နေပြီး အပိုကုန်ကျစရိတ်တွေကို တတ်နိုင်သမျှလျှော့ ချနေတယ်လို့ ပြောပါတယ်။ နေထိုင်မှုဝန်းကျင်နဲ့ပတ်သက်ပြီး အယူအဆတချို့ ရှိပေမယ့် ဂျိုဝယ်ဗာကတော့ သူ့အိမ်ထဲနေရတာကို အကောင်းမြင်စိတ်နဲ့ သူ့ကိုပိုပြီး ပျော်ရွှင်တက်ကြွစေတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ သူ့ရဲ့ရွေ့လျားအိမ်ကို သူ့ရဲ့ဇာတိမြို့ ဒါလက်စ်မှာ ထားတာဖြစ်ပြီး နွေရာသီအပြီးမှာတော့ ဒီအိမ်သစ်လေးကို သူတက်ရမယ့် တက္ကသိုလ်ရှိရာ အရပ်ဆီ မိုင် ၂၀၀ နီးပါးရွှေ့ရမယ်လို့ ပြောပါတယ်။ ဂျိုဝယ်ဗာက “ကျနော့်အိမ်က အရမ်းမိုက်ပါတယ်။ ရိုးရှင်းတဲ့ နေထိုင်မှုပုံစံနဲ့ နေထိုင်နိုင်လို့ ကျေးဇူးလည်း တင်ပါတယ်” လို့ ပြောပါတယ်။ ဓာတ်ပုံ - independent.co.uk  
6 years Ago
Up