ချေးငွေ

November 11, 2018

တောင်သူများ ဆောင်းချေးငွေ စိစစ်ရေးအဖွဲ့ ထောက်ခံချက်ဖြင့် ချေးယူနိုင်

စိုက်ပျိုးစရိတ်ချေးငွေထုတ်ရာမှာ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ ၇ မူရင်းပေးရမှာဖြစ်လို့ မိုးစပါးချေးငွေ ယူထားသူတွေအနေနဲ့ ဆောင်းချေးငွေအတွက် ချေးငွေစိစစ်ရေးအဖွဲ့တွေရဲ့ ထောက်ခံချက်နဲ့ ချေးလို့ရတယ်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ကြေညာပါတယ်။ ဆောင်းသီးနှံအတွက် ချေးငွေတွေကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွေကတဆင့် အောက်တိုဘာ ၂၆ ရက်ကစပြီး ထုတ်ချေးပေးနေတာပါ။ တောင်သူတွေ ပိုင်ဆိုင်တဲ့ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ ၇ မူရင်းကို ဘဏ်မှာ အပေါင်ထားပြီး တောင်သူ တယောက်ချင်း ကိုယ်တိုင်အာမခံစနစ်နဲ့ ချေးပေးနေတာဖြစ်ပါတယ်။ မိုးစပါးအတွက် ချေးထားသူတွေဟာ  ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ဆပ်နိုင်တာဖြစ်လို့ ချေးထားသူတွေအနေနဲ့ အဲဒီလယ်ယာမြေမှာပဲ ဆောင်းသီးနှံစိုက်မယ်ဆိုရင် ထပ်ပြီး အပေါင်ထားစရာ ပုံစံ ၇ မရှိတော့ဘူး ဖြစ်နေတာပါ။ ဒါကြောင့် သီးထပ်စိုက်ပျိုးမယ့် တောင်သူတွေအနေနဲ့ မြေတနေရာတည်းမှာ စိုက်တာဆိုရင် အမှန်တကယ်စိုက်ပျိုးကြောင်း ရပ်ကွက် ကျေးရွာအုပ်စု ချေးငွေ စိစစ်ရေးအဖွဲ့၊ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီရဲ့ ထောက်ခံစိစစ်ချက်တွေအရ ထပ်ပြီး ချေးယူနိုင်တယ်လို့ ကြေညာပါတယ်။ ဒါပေမယ့် တောင်သူတယောက်အနေနဲ့ ဖြစ်ဖြစ်၊ မြေတနေရာတည်းအတွက် ဖြစ်ဖြစ် စိုက်ပျိုးစရိတ် ချေးငွေ ၂ မျိုးထက်ပိုပြီး ချေးခွင့်မရှိဘူးလို့လည်း ဆိုပါတယ်။ စပါးအတွက် တဧကချေးငွေကို အရင်က ကျပ် ၁ သိန်းကနေ အခု ၁၅၀,၀၀၀ အထိ၊ တခြား သီးနှံတွေအတွက် တဧကကို ကျပ် ၅ သောင်းပေးနေရာကနေ ၁ သိန်းအထိ ပေးနေတာပါ။ ၂၀၁၈ ခုနှစ်အတွက် ဆောင်းချေးငွေကို အောက်တိုဘာ ၂၆ ရက်ကနေ ဒီဇင်ဘာ လကုန်အထိ၊ ၂၀၁၉ မိုးကြိုချေးငွေကို ဇန်နဝါရီ ၁ ရက်ကနေ မတ်လကုန်အထိ၊ ၂၀၁၉ မိုးချေးငွေကို မေလ ၂ ရက်ကနေ စက်တင်ဘာလကုန်အထိ ချေးပေးသွားမှာ ဖြစ်ပါတယ်။
3 years Ago

October 6, 2018

ချေးငွေရမည်ဆိုပြီး တောင်သူများအား လိမ်ညာနေသည့် ကုမ္ပဏီများကို အရေးယူ

ချေးငွေတွေရမယ်လို့ တောင်သူတွေကို လိမ်ညာပြီး ဝန်ဆောင်ခယူနေတဲ့ ကုမ္ပဏီတွေကို အရေးယူနေသလို တွေ့ရှိရင် အကြောင်းကြားပေးဖို့ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနက အသိပေး ကြေညာထားပါတယ်။ ကုမ္ပဏီတချို့ဟာ ငွေချေးခွင့် လိုင်စင်မရှိဘဲ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ ၇ မိတ္တူရယူလို့ ၁၀ ဧကကို ငွေ ၅ သိန်း၊ ၁၀ သိန်း ချေးပေးမယ်ဆိုပြီး ဝန်ဆောင်ခအဖြစ် တဧကကို ငွေ ၅၀၀၀ ကျပ်ကနေ ၁၅၀၀၀ အထိ ကောက်ခံနေတယ်လို့ ဆိုပါတယ်။ ရွှေသစ္စာမြေကုမ္ပဏီ၊ ဓနတိုးဝင်းအောင် ကုမ္ပဏီ၊ Genral Star ကုမ္ပဏီ၊ Phyo Thet Aung ကုမ္ပဏီတို့ဟာ ပျဉ်းမနား၊ တောင်သာ၊ ကျောက်ပန်းတောင်း၊ မြောင်းမြ၊ ဝါးခယ်မ၊ မိုးညှင်း၊ မိုးကောင်း၊ ပုလဲ၊ ရေနံချောင်း၊ တောင်တွင်းကြီး၊ ဇေယျာသီရိ၊ ကျောက်ဆည်၊ တောင်ငူ၊ ဝမ်းတွင်း၊ ရွာငံနဲ့ မြစ်သား မြို့တို့မှာ မက်လုံးပေး အယုံသွင်းလိမ်ညာခဲ့တယ်လို့ စီမံဘဏ္ဍာ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါကြောင့် ပြည်ထဲရေး၊ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုဘဏ်၊ တိုင်းအစိုးရတွေ ညှိနှိုင်းပြီး အရေးယူဖို့ လုပ်နေပြီး ဒီထဲက ရွှေသစ္စာမြေကုမ္ပဏီကိုတော့ အမှုဖွင့် တရားစွဲထားပြီလို့လည်း ဆိုပါတယ်။ ဒါကြောင့် တောင်သူတွေအနေနဲ့ ငွေချေးခွင့် လိုင်စင်မရှိဘဲ လိမ်ညာနေတဲ့ ကုမ္ပဏီနဲ့ လူပုဂ္ဂိုလ်တွေ တွေ့ရင် ကျေးရွာ၊ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးတွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ၊ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေး ဘဏ်မန်နေဂျာတွေ၊ ငွေရေးကြေးရေးစစ်ဆေးရေး ဦးစီးဌာနမှူးတွေကို ချက်ချင်း သတင်းပို့ဖို့ တိုက်တွန်းထားပါတယ်။ တကယ်လို့ ငွေတွေ ပေးအပ်ခဲ့ပြီး ဖြစ်ရင်တော့ တရားစွဲဆိုဖို့ကိုလည်း လမ်းညွှန်ထားပါတယ်။ နိုင်ငံအနှံ့အပြားမှာ တောင်သူတွေကို နည်းလမ်းပေါင်းစုံနဲ့ လိမ်ညာနေတာတွေရှိပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကလည်း နယ်တွေကို ကိုယ်စားလှယ်စေလွှတ်ကာ အသင်းဝင်ခိုင်းတာမရှိသလို ချေးငွေရဖို့ အာမခံတာ၊ ငွေတောင်းတာတွေလည်း မရှိဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။
3 years Ago
Up