ချော်ရည်ပူစီးဝင်နေသည့် သမုဒ္ဒရာတွင်း ဘီကီနီဝတ်စုံဖြင့် စွန့်စားရေလွှာလျှောစီး (ရုပ်သံ)

August 11, 2016

ချော်ရည်ပူစီးဝင်နေသည့် သမုဒ္ဒရာတွင်း ဘီကီနီဝတ်စုံဖြင့် စွန့်စားရေလွှာလျှောစီး (ရုပ်သံ)

အမေရိကန်နိုင်ငံ၊ ဟာဝိုင်အီကျွန်းစု၊ ကီလော်ရီယာမီးတောင်အနီး ချော်ရည်ပူတွေ စီးဝင်နေတဲ့ သမုဒ္ဒရာထဲမှာ အမျိုးသမီးတဦးဟာ ဘီကီနီဝတ်စုံနဲ့ စွန့်စွန့်စားစား ရေလွှာလျှောစီးပြခဲ့ပါတယ်။ အသက် ၃၀ အရွယ်ရှိ အယ်လီဆန်တီယယ်လ်ဟာ ပန်းရောင်ဘီကီနီရေကူးဝတ်စုံကို ၀တ်ဆင်ထားခဲ့တာဖြစ်ပြီး နေရှင်နယ်ဂျီအိုဂရပ်ဖစ်မဂ္ဂဇင်းမှ ၀ါရင့်ဓာတ်ပုံဆရာ ပယ်ရင်ဂျိမ်းစ်က ရေအောက်မှ မှတ်တမ်းတင်ခဲ့တာပါ။ စွန့်စားရေလွှာလျှောစီးမယ်တဦးဖြစ်တဲ့ အယ်လီဆန်က “ဒါဟာ ဘ၀တလျှောက်လုံး မက်ခဲ့ရတဲ့ အိပ်မက်ပါပဲ။ အရမ်းမိုက်ပြီး ရင်သပ်ရှုမောစရာ အတွေ့အကြုံတခုပါပဲ” လို့ ပြောပါတယ်။ သူရေလွှာလျှောစီးပြခဲ့တဲ့ အချိန်မှာ ဘေးက မီးတောင်ဆီက ချော်ရည်ပူတွေဟာ စီးဝင်နေခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ “ကျမ လျှောစီးနေရင်း နောက်ကို ပြန်လှည့်ကြည့်လိုက်တဲ့အချိန်မှာ (ချော်ရည်ပူ တွေပါဝင်တဲ့) လှိုင်းလုံးတလုံးဟာ လိမ့်လာနေခဲ့တာကို တွေ့ရချိန်မှာ အမြန်ဆုံးပဲ အန္တ ရာယ်ဇုန်ထဲက လှော်ခတ်ထွက်ခဲ့ရတာပါ။ ဒီအချိန်မှာ ဘာမဆိုဖြစ်သွားနိုင်တယ်လေ။ တ၏ချိန်တည်းမှာပဲ ကျမ မောပန်းနေသလို စိတ်လှုပ်ရှားနေခဲ့ရတယ်ရှင့်” လို့ သူက ပြောပါ တယ်။ အဆိုပါ ကီလိုရီယာမီးတောင်ဟာ ၂၀၁၁ ခုနှစ် ပထမအကြိမ် ပေါက်ကွဲမှုဖြစ်ခဲ့တာပါ။ ပြီးခဲ့တဲ့ သြဂုတ် ၃ ရက်နေ့မှာတော့ အဆိုပါမီးတောင်ကနေ ချော်ရည်ပူတွေ ထုတ်လွှတ်နေခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။ ခုလို အောင်အောင်မြင်မြင်နဲ့ စွန့်စားပြနိုင်ခဲ့လို့ ပါဝင်ခဲ့ကြတဲ့ အဖွဲ့သား အားလုံးကိုလည်း ကျေးဇူးတင်တယ်လို့ အယ်လီဆန်က ပြောပါတယ်။ သူ့ရဲ့ဖခင်ဟာ နေရှင်နယ်ဂျီအိုဂရပ်ဖစ်မဂ္ဂဇင်းမှ နာမည်ကျော် ဓာတ်ပုံဆရာ ဒေးဗစ် ဘလဲဟာ့တ်ဖြစ်ပြီး မိသားစုနဲ့အတူ ဟာဝိုင်အီမှာပဲ နေထိုင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ သူက “ရုတ်တရက် နွေးနေတဲ့ သမုဒ္ဒရာရေဟာ ပင်လယ်ထဲက သဘာဝတရားတခုပါပဲ။ ကျမ ဒါကို ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးပါဘူး” လို့ ပြောပါတယ်။
5 years Ago
Up