ချောစန္ဒီထွန်း

A d v e r t i s e m e n t With Us

November 24, 2015

ချောစန္ဒီထွန်း ရုံးထုတ် တရားသေလွှတ်ဖို့ လျှောက်ထားချက် ပယ်ချ

လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်မှာ စစ်တပ်ရဲ့ ယူနီဖောင်းအရောင်သစ် ပြောင်းတဲ့အပေါ် သရော်တဲ့သဘောမျိုး ရေးသားခဲ့လို့ ဖမ်းဆီးခံခဲ့ရတဲ့ မချောစန္ဒီထွန်းကို နိုဝင်ဘာ ၂၄ ရက် ဒီကနေ့ မအူပင်တရားရုံးမှာ ၅ ကြိမ်မြောက် ရုံးထုတ်ပါတယ်။ ဒီကနေ့ ရုံးထုတ်မှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) အရ စွဲဆိုမှုအတွက် မှုခင်းတပ်ဖွဲ့က ကျွမ်းကျင်သူပညာရှင် ဒုတိယရဲမှူး ဦးအောင်ကျော်ဆန်းကို စစ်ဆေးခဲ့တယ်လို့ မချောစန္ဒီထွန်းရဲ့ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။ ဒါ့အပြင် ပုဒ်မ ၅၀၀ အရ စွဲဆိုသော ပြစ်မှုကြီးအမှတ် ၆၉၂/၀၁၅ အတွက် တရားရှင်လွှတ်ပေးရန် လျှောက်ထားချက်ကို ပလပ်ကြောင်း အမိန့်ချခဲ့တယ်လို့ ပြောပါတယ်။ “ပုဒ်မ ၅၀၀ အရ သီးခြားစွဲတဲ့ အမှုနဲ့ ပတ်သက်လို့ ကာချုပ်ကိုယ်စား စွဲတယ်ဆိုတော့ အဲလို ကိုယ်စားစွဲလို့ မရပါဘူး။ အဲဒါကြောင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂၅၃၊ ပုဒ်မခွဲ ၂ နဲ့ တရားရှင်လွှတ်ပေးပါ။ ကျန်သက်သေတွေ မစစ်ပါနဲ့ဆိုတော့လည်း မရဘူး ပယ်တာပဲ။ စွပ်စွဲခံရသူတွေဘက်က ဘာပဲတင်တင် ပယ်တာပဲ။” လက်ရှိ တရားစီရင်ရေးစနစ်ဟာ အရင် နဖအစစ်အစိုးရ လက်ထဲကအတိုင်းပဲ ပြောင်းလဲမှု မရှိသေးဘူးလို့လည်း ဦးရောဘတ်ဆန်းအောင်က ဝေဖန်ပါတယ်။ “မူလအတိုင်းပဲ တရားစီရင်ရေး အဆောက်အဦက၊ အဲတော့ အစိုးရသစ် လက်ထက်ကျမှ ပြောင်းလဲဖို့ လုပ်ရမှာပဲ။” မချောစန္ဒီထွန်းဟာ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေတဲ့ပုံနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်းပြောနေတဲ့ပုံတို့ကို တွဲတင်ပြီး စစ်တပ်ရဲ့ ယူနီဖောင်းအရောင်သစ်ကို ဒေါ်အောင်ဆန်းစုကြည် ၀တ်ဆင်တဲ့ ထဘီအရောင်နဲ့ နှိုင်းယှဉ် သရော်ခဲ့လို့ဆိုပြီး အောက်တိုဘာ ၁၂ ရက်နေ့က ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။
5 years Ago

October 13, 2015

စစ်တပ်ယူနီဖောင်းသစ်ကို လူမှုကွန်ရက်မှာ သရော်သည့် အမျိုးသမီးတဦး ဖမ်းဆီး တရားစွဲဆိုခံရ

လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်မှာ စစ်တပ်ရဲ့ ယူနီဖောင်း အရောင်သစ် ပြောင်းတဲ့အပေါ် သရော်တဲ့သဘောမျိုး ရေးသားခဲ့တဲ့ အမျိုးသမီးငယ်တဦးကို ရဲက ဖမ်းဆီး တရားစွဲဆိုထားပါတယ်။ ဧရာဝတီတိုင်း မအူပင်မြို့မှာ နေထိုင်တဲ့ အသက် ၂၅ နှစ်အရွယ် ချောစန္ဒီထွန်းကို မနေ့က ရန်ကုန်မှာဖမ်းပြီး ညတွင်းချင်းပဲ မအူပင်ကို ပြန်ပို့ပြီး ရဲအချုပ်မှာ ချုပ်ထားတယ်လို့ သိရပါတယ်။ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေတဲ့ပုံနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်းပြောနေတဲ့ပုံတို့ကို တွဲတင်ပြီး စစ်တပ်ရဲ့ ယူနီဖောင်း အရောင်သစ်ကို ဒေါ်အောင်ဆန်းစုကြည် ၀တ်ဆင်တဲ့ ထမီအရောင်နဲ့ နှိုင်းယှဉ် သရော်ခဲ့တယ်လို့ ဆိုပါတယ်။ ပို့စ်ကို နောက်တော့ ပြန်ဖြုတ်ချခဲ့ပါတယ်။ ဒါပေမယ့် အောက်တိုဘာ ၁၂ ရက်နေ့မှာ ဗဟန်းရဲစခန်းက သူ့ကို ဖမ်းဆီးပြီး ညတွင်းချင်း မအူပင်ကို ပြန်ပို့ခဲ့ပါတယ်။ မအူပင်ရဲစခန်းကို ရောက်ပြီး မနေ့ညက မိသားစုဝင်တွေကို တွေ့ခွင့်မပေးဘဲ ဒီနေ့ တွေ့ခွင့်ရဖို့ စခန်းတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းနေတယ်လို့ မိသားစုဝင်တဦးက ဒီဗွီဘီကို  ပြောပါတယ်။ မချောစန္ဒီထွန်းကို ဆက်သွယ်ရေးပုဒ်မ ၃၄ (ဃ) နဲ့ အမှုဖွင့်ထားပြီး ဒီကနေ့ မအူပင်တရားရုံးမှာ ယမန်ယူပြီး ၂၇ ရက်နေ့မှာ ရုံးပြန်ချိန်းထားတယ်လို့ သိရပါတယ်။ မချောစန္ဒီထွန်းဟာ မအူပင်နည်းပညာတက္ကသိုလ်ကနေ B.Tech (EC) ဘွဲ့ရထားသူဖြစ်ပြီး လူမှုကွန်ရက် မီဒီယာပေါ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ကို ထောက်ခံတဲ့ ပို့စ်တွေ ရေးသားနေသူ ဖြစ်တယ်လို့လည်း သိရပါတယ်။
5 years Ago
Up