ချောင်ယွန်ဖက်

August 24, 2017

ဟောင်ကောင်မုန်တိုင်းအပျက်အစီးကြား ကူညီခဲ့သည့် အက်ရှင်မင်းသား ချောင်ယွန်ဖက်

ဟောင်ကောင်အက်ရှင်မင်းသားတယောက်ဖြစ်တဲ့ ချောင်ယွန်ဖက်ဟာ သရုပ်ဆောင်မှုမှာ ထူးချွန်ရုံတင်မက လူမှုကူညီရေး လုပ်ငန်းတွေမှာပါ ကောင်းသတင်းနဲ့ ကျော်ကြားပါတယ်။ သြဂုတ် ၂၃ ရက်နေ့က ဟောင်ကောင်မှာ တိုက်ခတ်ခဲ့တဲ့ အင်အားပြင်း ဟာတို (Hato) တိုင်ဖွန်းမုန်တိုင်းကြောင့် လူသေဆုံးမှုတွေရှိခဲ့ပြီး သစ်ပင်တွေပြိုလဲကာ အဆောက်အအုံတွေ ထိခိုက်ပျက်စီးမှု ရှိခဲ့တာပါ။ ဒီကနေ့ နေ့လယ်ပိုင်း ၂ နာရီလောက်မှာတော့ အင်စတာဂရမ် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ မင်းသား ချောင်ယွန်ဖက်ရဲ့ အပျက်အစီးတွေကြား အင်တိုက်အားတိုက် ပါဝင်ကူညီခဲ့တဲ့ပုံတွေ တက်လာခဲ့ပြီး နာမည်ကြီးနေပါတယ်။ ဒီအဖြစ်အပျက်ဟာ ခေါင်လွန်းဒေသတွင်း တနေရာမှာ ဖြစ်ခဲ့ပြီး ချောင်ရဲ့ ပရိသတ်တယောက်က ဒီပုံကို အမှတ်မထင် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ခုချိန်မှာတော့ ဖျက်လိုက်ပြီဖြစ်တဲ့ ဓာတ်ပုံအညွှန်းမှာ “အစ်ကိုဖက်ဟာ လမ်းမပေါ်က လဲကျနေတဲ့ သစ်ပင်တွေကို ရှင်းလင်းနေတာ” လို့ ဖော်ပြခဲ့တာပါ။ အက်ပဲလ်ဒေးလီးသတင်းနဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာတော့ ချောင်က “လမ်းမပေါ်မှာ သစ်ပင်တွေလဲပြီး ပိတ်ဆို့နေတာပါ။ အဲဒါနဲ့ ကျနော်လည်း ကားထဲကဆင်းပြီး လူတွေ လမ်းအသုံးပြုလို့ရအောင် ရှင်းလင်းကူညီပေးခဲ့တာပါ” လို့ ပြောလိုက်ပါတယ်။ ဒေသတွင်း သတင်းထုတ်ပြန်ချက်တွေအရ ဒီမုန်တိုင်းကြောင့် ဟောင်ကောင်နဲ့ မကာအိုဒေသတွင်း အနည်းဆုံး လူ ၁၂ ဦးသေဆုံးပြီး ရာနဲ့ချီ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။
4 years Ago
Up