ချောက်မြို့နယ်တွင် ​ နွေစပါးအစား နွေနှမ်းပိုမို စိုက်ပျိုးလာ

May 1, 2019

ချောက်မြို့နယ်တွင်​ နွေစပါးအစား နွေနှမ်းပိုမို စိုက်ပျိုးလာ

မကွေးတိုင်း၊ ချောက်မြို့နယ်ထဲက ကျေးရွာအုပ်စု လေးအုပ်စုမှာ မြစ်ရေတင်စနစ် အသုံးပြုပြီး နှစ်စဉ် နွေစပါးစိုက်ပျိုးမှု အရင်နှစ်ထက် စိုက်ပျိုးဧက ထက်ဝက် လောက် လျော့နည်းသွားတယ်​လို့ မြို့နယ်​လယ်ယာမြေစီမံခန့်ခွဲရေးနှင့် မြေစာရင်းအင်းဦးစီးဌာနက သိရပါတယ်​။ ၂၀၁၉ ခုနှစ် နွေရာသီက မြစ်ရေတင်စနစ်နဲ့  နွေစပါး စိုက်ပျိုးဖို့ လျာထားမြေဧက ၃၅၀ ဖြစ်ပေမယ့်လည်း ဧပြီ ၃၀ ရက်နေ့အထိ အမှန်တကယ်စိုက် နွေစပါးစိုက်ပျိုး ဧက စုစုပေါင်း ၆၁ ဧကသာ စိုက်ပျိုးနိုင်​ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် နွေရာသီမှာ နွေစပါးစိုက်ပျိုးဧက စုစုပေါင်း ၁၀၃ ဧက စိုက်ပျိုးခဲ့လို့ အရင်နှစ်ထက် နွေစပါး စိုက်ပျိုးဧက ၄၂ ဧက ကျဆင်းသွားတယ်​လို့ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် မြေစာရင်းအင်းဦးစီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်​။ “နွေစပါးအစား အစားထိုးသီးနှံဖြစ်တဲ့ နွေနှမ်းနဲ့ မိုးကြိုပဲတီစိမ်း၊ မြေပဲကို တောင်သူတွေရဲ့ သဘောဆန္ဒအလျောက် စိုက်ပျိုးတဲ့အတွက် နွေစပါးစိုက်ပျိုးမှု လျော့နည်းပြီး နွေနှမ်းစိုက်ပျိုးမှု ကတော့ အရင်နှစ်ထက် နွေနှမ်း စိုက်ပျိုးဧက မြို့နယ်စာရင်းအချုပ် အရ ၁၅၄ ဧက ပိုမို စိုက်ပျိုးနိုင်တယ်။'' ဥမင်ကိုးပေါက်မြစ်ရေတင်နဲ့ ပခန်းငယ် မြစ်ရေတင်တို့က ကျေးရွာအုပ်စု လေးအုပ်စုဖြစ်တဲ့ စလေမြို့၊ ဓာတ်မြေကျေးရွာအုပ်စု၊ ရသစ်ကျေးရွာအုပ်စုနဲ့ ပခန်းငယ်ကျေးရွာအုပ်စုတို့ရှိ ယာမြေတွေမှာ နွေစပါးစိုက်ပျိုးနေ​ကြောင်းသိရပါတယ်​။ ​ချောက်​မြို့နယ်​မှာ အခုနှစ် နွေနှမ်းစိုက်ပျိုး ဧက စုစုပေါင်း ၅၀၀ ဧက စိုက်ပျိုးထားပြီး၊ ၂၀၁၈ ခုနှစ် နွေနှမ်းစိုက်ပျိုးဧက ၃၉၃ ဧက စိုက်ပျိုးခဲ့လို့ အခုနှစ်နွေနှမ်း ၁၅၃ ဧက ပိုစိုက်ပျိုးထားတယ်​လို့ သိရပါတယ်​။ သတင်း- ကိုလင်း(​ချောက်​)
2 years Ago
Up