ချောက်မြို့နယ်တွင်  နှမ်းအထွက် ကျဆင်း

July 23, 2018

ချောက်မြို့နယ်တွင်  နှမ်းအထွက် ကျဆင်း

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ နှမ်းအထွက်နှုန်းတစ်ဧကကို ၃ တင်းလောက် ကျဆင်းတယ်​လို့ ဒေသခံတောင်သူတွေက ​ပြောပါတယ်​။ အခုနှစ်မှာ နှမ်းဖြူ ၁ ဧကကို ၇ တင်းလောက်နဲ့ နှမ်းနက် ၁ ဧကကို ၅ တင်းလောက်သာ ထွက်ကြောင်း၊ ၂ဝ၁၇ နှစ်က နှမ်းဖြူ ၁ ဧကကို ၁ဝ တင်း၊ နှမ်းနက် ၁ ဧကကို ၇ တင်းထွက်​သလို နှမ်းဖြူကိုသာ အဓိကစိုက်​ကြပြီး ယာမြေဧက ၁ဝ ဧကကို ၂ ဧကလောက်သာ နှမ်းနက်စိုက်ပျိုးတယ်လို့ နှမ်းစိုက်တောင်သူတွေက ပြောဆိုပါတယ်​။ သဘွတ်ကုန်းကျေးရွာနေ နှမ်းစိုက်တောင်သူ ကိုမောင်ဇော်က“နှမ်းနက်ကျတော့ အပင်က တော်တော်ဖြစ်တယ်။ နှမ်းဖြူ ၁၅ တင်းထွက်တဲ့ မြေကွက်ဆိုရင် နမ်းနက်က ၁ဝ တင်းလောက် တောင်မှ တော်တော်ထွက်ယူရတယ်ပေါ့။ သဲနှုန်းမြေဆန်တော့ မြေကြောင့် နှမ်းဖြူပဲ စိုက်ကြတယ်။ နှမ်းနက် ဈေးနှုန်းနဲ့ နမ်းဖြူ ဈေးနှုန်းက မကွာတော့ အထွက်နှုန်းများတဲ့ နှမ်းဖြူပဲ စိုက်ကြတာ''လို့ ပြောပါတယ်။ ချောက်မြို့မှာ​ နှမ်းဈေးနှုန်း အတက်အကျ မရှိဘဲရပ်တန့်နေပြီး နှမ်းအဝင်အထွက် ပုံမှန်ဖြစ်နေကြောင်းတရက်ကို နှမ်းနက်အိတ် ၁၅ဝ လောက်နဲ့ နှမ်းဖြူအိတ် ၇ဝ လောက် တောင်သူတွေက လာရောက်ရောင်းချပါတယ်။ ချောက်မြို့မှာ လာရောက်ရောင်းချတဲ့ နှမ်းစိုက် တောင်သူတွေဟာ ဆိပ်ဖြူမြို့နဲ့ စလင်းမြို့နယ်မှ နှမ်းစိုက်တောင်သူတွေသာ ရောင်းချကြပြီး ချောက်မြို့နယ်ရဲ့ နှမ်းစိုက်တောင်သူတွေ လာရောက်ရောင်းချတာ မရှိ​သေး​ဘူးလို့ ပဲနှမ်း အဝယ်ဒိုင်တွေထံက သိရပါတယ်။ ဇူလိုင်လ ၂၁ ရက်နေ့မှာ နှမ်းနက် တစ်တင်း (၁၅- ပိသာ)ကို ငါးသောင်းကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် လေးသောင်းရှစ်ထောင်ကျပ် ဈေးရှိတယ်လို့ ပဲနှမ်းအဝယ်ဒိုင်တွေမှ သိရပါတယ်။ ချောက်မြို့နယ်မှာ ယခုနှစ် ၂ဝ၁၈ ခုနှစ်မှာ နှမ်းစိုက် ဧက ၃၅၇၇၂ လျာထားခဲ့ပြီး နှမ်းစိုက်ဧက ၃၈၃၇၃ စိုက်ပျိုးခဲ့တဲ့အတွက် နှမ်းစိုက်ဧက ၂၆ဝ၁ ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ပါတယ်​။ မကွေးတိုင်းမှာ အခုနှစ် ရေလွမ်းမိုးမှုနဲ့ ရာသီဥတုဒဏ်ကြောင့် နှမ်းစိုက်ဧက ခြောက်သောင်းခွဲကျော် ပျက်စီးဆုံးရှုံးမှုရှိတယ်လို့ ​ချောက်​မြို့ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်အေးမြင့်မြတ်သင်းက ဆိုပါတယ်​။ သတင်း - ကိုလင်း(​ချောက်​)
3 years Ago
Up