ခေါင်းတလားပိသေ

June 18, 2018

မိခင်ဈာပနတွင် ခေါင်းတလားပြုတ်ကျပိမိပြီး သားဖြစ်သူပါ သေဆုံး (ရုပ်သံ)

အင်ဒိုနီးရှားနိုင်ငံက ဈာပနအခမ်းအနားတခုမှာ မိခင်ဖြစ်သူရဲ့ ခေါင်းတလားက သားဖြစ်သူအပေါ် ပြုတ်ကျပိမိပြီး သားဖြစ်သူပါ သေဆုံးသွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ဆူလာဝေစီကျွန်းမှာ ဖြစ်ခဲ့ပြီး ဈာပနအခမ်းအနား စင်မြင့်ပေါ်ကို ခေါင်းတလားတင်ဖို့ ကြိုးစားကြချိန်မှာ ခုလိုဖြစ်ခဲ့တာလို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဇွန်လ ၁၇ ရက်နေ့က ဖော်ပြပါတယ်။ ဈာပနအခမ်းအနားစင်မြင့်ကို အပေါ်ခပ်မြင့်မြင့်မှာ ပြုလုပ်ထားတဲ့အတွက် ဝါးလှေကားနဲ့ ခေါင်းတလားကို မတင်ကြချိန်မှာ တံတားက အလေးချိန်ကို မခံနိုင်ခဲ့ဘဲ ကျိုးကျသွားခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ ခေါင်းတလား ပိကျခံခဲ့ရတဲ့ သားဖြစ်သူ အသက် ၄၀ အရွယ် ဆာမန် ကွန်ဒိုရူရာကို ဆေးရုံ အရေးပေါ်ပို့ဆောင်ခဲ့ပေမယ့် မမီတော့ဘဲ သေဆုံးသွားခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ အဲဒီအရပ်ဒေသမှာ တယောက်ယောက် သေဆုံးတယ်ဆိုရင် ခုလိုပဲ ပြင်ဆင်ထားတဲ့ ဈာပနအခမ်းအနား စင်မြင့်ပေါ်မှာ ခေါင်းတလားကို ရက်အတော်ကြာ ထားလေ့ရှိပြီး အတီးအမှုတ် အကအခုန်တွေနဲ့ ရိုးရာယုံကြည်မှုအရ သင်္ဂြိုဟ်လေ့ရှိကြတာပါ။ လက်ရှိမှာတော့ သေဆုံးသွားတဲ့ သားဖြစ်သူကိုလည်း မိခင်ရဲ့ အလောင်းအနီးမှာ ထားရှိပြီး ဈာပနအခမ်းအနားကို ကျင်းပရတော့မယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
3 years Ago
Up