ခေါင်းတလားထမ်းအကဖြင့် ကခုန်ကျင်းပသည့် အသုဘအခမ်းအနား

July 28, 2017

ခေါင်းတလားထမ်းအကဖြင့် ကခုန်ကျင်းပသည့် အသုဘအခမ်းအနား (ရုပ်သံ)

တကျောင်းတဂါထာ တရွာတပုဒ်ဆန်းဆိုသလို ကမ္ဘာ့နေရာဒေသ အသီးသီးမှ ဓလေ့ထုံးတမ်းတွေနဲ့ ယုံကြည်မှုတွေဟာ မတူညီကြပါဘူး။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အသုဘအခမ်းအနားကို ကခုန်ကျင်းပကြတဲ့ ဂါနာနိုင်ငံရဲ့ ထူးဆန်းတဲ့ အလေ့အထတမျိုးကို တွေ့မြင်ကြရမှာပါ။ မိသားစုဝင်တွေထဲက ချစ်ခင်ရသူတဦးဦး သေဆုံးသွားခဲ့အခါမှာ ခုလို ဝင့်ဝင့်ကြွားကြွားနဲ့ ခေါင်းတလားထမ်းသူတွေရဲ့ ကခုန်တီးမှုတ်သီဆိုမှုတွေနဲ့ ကျင်းပကြတာမျိုး ဖြစ်ပါတယ်။ တူညီဝတ်စုံတွေ ဝတ်ဆင်ထားကြတဲ့ ခေါင်းတလားထမ်း ကချေသည်တွေဟာ ခေါင်းတလားကို ပင့်ချီကာ စည်းချက်ညီညီနဲ့ လှုပ်ရှားကခုန်နေကြတာကို တွေ့ရပါတယ်။ ခေါင်းတလားထမ်း ကချေသည်အဖွဲ့ ခေါင်းဆောင် ဘင်ဂျမင်အိုက်ဒိုက “အသုဘရှင်တွေက ကျနော်တို့ကို လာရောက်ငှားရမ်းတဲ့အခါ ကျနော်တို့က မေးပါတယ်။ ရိုးရိုးရှင်းရှင်းပဲ လုပ်ချင်တာလား။ ဒီ့ထက်ပိုပြီး သရုပ်ပြစေချင်တာမျိုး ရှိသလားပေါ့။ သူတို့ဆန္ဒအတိုင်းပဲ ဝန်ဆောင်မှုပေးပါတယ်” လို့ ပြောပါတယ်။ လက်ရှိမှာတော့ ဘင်ဂျမင်ဟာ သူ့ဆီမှာ ခေါင်းတလားထမ်း ကချေသည်တွေအဖြစ် လူငယ် အမျိုးသား၊ အမျိုးသမီး ၁၀၀ ကျော်ကို အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်ခဲ့ပါပြီ။ ဂါနာလူမျိုးတွေရဲ့ အသုဘအခမ်းအနားတွေဟာ လူမှုအသိုင်းအဝိုင်းကြား ဆက်ဆံရေးမှာ အရေးပါပါတယ်။ ဘင်ဂျမင်ဟာ ခုလိုဝန်ဆောင်မှုပေးနိုင်ဖို့ သူ့ရဲ့အကအဖွဲ့မှာ ပါဝင်သူတွေရဲ့ အဝတ်အစား အပြင်အဆင်တွေကိုတော့ ရင်းနှီးမြှုပ်နှံရပေမယ့် ဒါဟာ နိုင်ငံရဲ့ အလုပ်လက်မဲ့ပြဿနာကို တဘက်က လျော့ပါးစေတယ်လို့ ပြောပါတယ်။
4 years Ago
Up