ခေါင်းကိုဓားဖြင့်ထိုး

October 14, 2018

အသက်ရှူမဝသဖြင့် ခေါင်းကိုဓားဖြင့်ထိုးပြီး အသက်ရှူပေါက်ဖောက်ခဲ့သည့် ရုရှားအမျိုးသား

လူတိုင်းအသက်ရှူမဝတဲ့ဝေဒနာကို ခံစားခဲ့ကြဖူးပါတယ်။ အသက်ရှူမဝတဲ့ဝေဒနာကို ဖြေရှင်းတဲ့နည်း လမ်းတွေအများကြီးရှိပေမယ့် ရုရှားနိုင်ငံသားတဦးရဲ့ ဖြေရှင်းပုံကတော့ အားလုံးအတွက် စိုးရိမ်ထိတ်လန့်ဖွယ် ကောင်းခဲ့ပါတယ်။ အကြောင်းကတော့ ဒီအမျိုးသားဟာ လေကိုပိုပြီးရှူနိုင်ဖို့ သူ့ခေါင်းကိုသူကိုယ်တိုင်ဓား နဲ့ထိုးကာ အပေါက်ဖောက်ခဲ့လို့ပဲဖြစ်တယ်လို့ OC သတင်းမှာဖော်ပြပါတယ်။ ဒီဖြစ်ရပ်ဟာ ရုရှားနိုင်ငံရော့တော့ဗ်ဒေသ ဒွန်းတက်မြို့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကိုယ့်ခေါင်းကို ဓားနဲ့ပြန်ထိုး အပေါက်ဖောက်ခဲ့သူကတော့ အသက် ၄၁ နှစ်အရွယ် ယူရီဇိုကော့ဗ် ဆိုသူပဲဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့သီတင်းပတ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ရှစ်လက်မရှည်တဲ့ဓားကို ခေါင်းမှာစိုက်လျက်အနေအထားနဲ့ အမျိုးသားတဦးကို မြင်တွေ့ခဲ့ရချိန်မှာ ဒေသခံရဲတွေဟာ တော်တော်လေး အထိတ်တလန့် ဖြစ်သွားခဲ့ရပါတယ်။ ခေါင်းမှာဓားစိုက်နေပေမယ့် ဇိုကော့ဗ်ဟာ လုံးဝသတိလစ်သွားခြင်းမရှိဘဲ သူ့ကိုဘယ်သူက ဓားနဲ့ထိုးခဲ့သလဲဆိုတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ အမေးကို ကိုယ့်ဘာသာကိုယ် ထိုးခဲ့တာလို့ ပြန်လည်ဖြေကြားနိုင်ခဲ့တာလည်း တွေ့ခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ဇိုကော့ဗ်က “သူ့ဦးနှောက်က လုံးဝအသက်မရှူကြောင်း၊ အဲဒါကြောင့် သူကိုယ်တိုင် အသက်ရှူပေါက်ဖောက်ခဲ့တာဖြစ်ကြောင်း” လည်း ပြန်လည်ဖြေကြားခဲ့ပါတယ်။ ရဲတွေဟာ ဇိုကော့ဗ်ကို ဓားတန်း လန်းတဲ့ပဲ ဆေးရုံကို အရေးပေါ်ပို့ ဆောင်ပေးခဲ့ရပေမယ့် ဇိုကော့ဗ်ရဲ့ ခေါင်းမှာစိုက်နေတဲ့ ဓားကို တာဝန်ကျဆရာဝန်တွေ၊ သူနာပြုတွေက မဖယ်ရှားရဲ ခဲ့တဲ့အတွက် တခြားမြို့တခုက ဦးနှောက်နဲ့ အာရုံကြောဆရာဝန်တွေကို အကူအညီတောင်းခံ ဖယ်ရှားခဲ့ရပါတယ်။ ကိုယ့်ခေါင်းကို ကိုယ်တိုင်ဓားနဲ့ ထိုးခဲ့ပေမယ့်လည်း ဇိုကော့ဗ်ဟာ ကံကောင်းစွာနဲ့ပဲ အသက်ဘေးက လွတ်မြောက်ခဲ့ပြီး ဦးနှောက်ကို ရောဂါပိုးဝင်ရောက်နိုင်ချေရှိနေတာကြောင့် သူ့ကို အရေးပေါ်ကုသမှုအောက်မှာပဲ ဆက်လက်ထားဖို့ ဆရာဝန်တွေက ညွှန်ကြားထား ပါတယ်။ ဇိုကော့ဗ်ရဲ့ လုပ်ရပ်ဟာ အင်တာနက်အသုံးပြုသူတွေကြားမှာ ဟိုးလေး တကြော်ကြော်ဖြစ်စေခဲ့ပြီး သူ့ခေါင်းဒဏ်ရာစိတ်ချရချိန်မှာ သူ့ကို စိတ်ကျန်းမာရေးဆေးရုံကို ပို့ဆောင်ဖို့ စီစဉ်ထားပါတယ်။
3 years Ago
Up