ခေါက်ဖုန်း

June 8, 2019

စမတ်ဖုန်းမသုံးဘဲ ခေါက်ဖုန်းဖြင့် တပတ်တိတိနေနိုင်သူကို ဒေါ်လာ ၁ဝဝဝ ဆုချမည်ဟု စိန်ခေါ်

ရှေးခေတ်သုံး ခေါက်ဖုန်းအဟောင်းလေးနဲ့ တပတ်ကြာနေထိုင်နိုင်မယ့်သူကို ဒေါ်လာ ၁၀၀၀ ပေးမယ်ဆိုပြီး ယူတက်အခြေစိုက်ကုမ္ပဏီတခုက စိန်ခေါ်လိုက်တယ်လို့ ဇွန် ၇ ရက်နေ့ ယူပီအိုင်သတင်းမှာ ဖော်ပြပါတယ်။ ဒီအစီအစဉ်ကို ယူတက်ပြည်နယ်အခြေစိုက် Frontier Bundles ကုမ္ပဏီက ပြုလုပ်လိုက်တာဖြစ်ပြီး “စမတ်ဖုန်းခတ်မှာ စမတ်ဖုန်းတွေကို လုံးဝအသုံးမပြုဘဲ သာမာန် ခေါက်ဖုန်းလေးတလုံးနဲ့ တပတ်တိတိ နေထိုင်ဖို့ သတ္တိရှိသူကို ဖိတ်ခေါ်ပါတယ်” လို့လည်း ကုမ္ပဏီက ကြေညာထားပါတယ်။ ဒီစိန်ခေါ်မှုမှာ ပါဝင်ဖို့ ရွေးချယ်ခံရသူဟာ စိန်ခေါ်မှုကို အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ခဲ့တယ်ဆိုရင် ဒေါ်လာ ၁၀၀၀ ရရှိမယ်လို့လည်း သိရပါတယ်။ ဒီစိန်ခေါ်မှုဟာ လူမူကွန်ရက်ကို မသုံးမနေနိုင်အောင် ဆွဲလမ်းနေသူများ၊ လူမူကွန်ရက် ဆိုင်ရာကျွမ်းကျင်သူတွေနဲ့ နည်းပညာဆိုင်ရာ ကျွမ်းကျင်သူတွေအတွက် ရည်ရွယ်တာဖြစ်ပြီးတော့ စိန်ခေါ်မှုကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့တဲ့သူဟာ ဒီအကြောင်းအရာနဲ့ပတ်သတ်တဲ့ သူတို့ရဲ့အတွေ့အကြုံကိုလည်း ပြန်လည်ရှင်းပြရမှာ ဖြစ်ပါတယ်။
2 years Ago

February 25, 2019

ခေါက်၍ရသည့် စမတ်ဖုန်းအမျိုးအစားသစ် ဟွာဝေးကုမ္ပဏီ မိတ်ဆက်

ဟွာဝေးကုမ္ပဏီက ခေါက်လို့ရတဲ့ စမတ်ဖုန်းအမျိုးအစားသစ် Huawei Mate X ကို  ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ စတင်မိတ်ဆက်လိုက်ပါတယ်။ နောက်ဆုံးပေါ် အင်တာနက်နှုန်း အမြန်ဆုံး 5G ကွန်ရက် အသုံးပြုနိုင်တဲ့ Huawei Mate X ဖုန်းကို ၂၀၁၉ နှောင်းပိုင်းမှာ အမေရိကန်ဒေါ်လာ ၂၆၀၀ နဲ့ ရောင်းချသွားမှာပါ။ ဆမ်ဆောင်းပြီးရင် ကမ္ဘာ့ရောင်းအားအကောင်းဆုံး စမတ်ဖုန်းကုမ္ပဏီဖြစ်တဲ့ ဟွာဝေးက သူတို့အနေနဲ့ 5G အင်တာနက် ထောက်ပံ့ပေးတဲ့ ဖုန်းတွေကို ဖန်တီးတဲ့နေရာမှာ ဦးဆောင်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ ခေါက်ထားတဲ့ ဖုန်းမျက်နှာပြင်နှစ်ဖက်ကို ဖြန့်လိုက်ရင် ၈ လက်မအထိ ကျယ်ပြန့်သွားပြီး  ၁ ဂစ်ဂါဘိုက်ရှိတဲ့ ရုပ်ရှင်တကားကို ၃ စက္ကန့်အတွင်း ဒေါင်းလုတ်လုပ်နိုင်တယ်လို့ ဟွာဝေး အမှုဆောင်အရာရှိချုပ် ရစ်ချတ်ယူက ပြောပါတယ်။ စိတ်မချရတဲ့ လုံခြုံရေးအခြေအနေကြောင့် ဟွာဝေးကုန်ပစ္စည်းတွေကို မသုံးကြဖို့ အမေရိကန်အစိုးရက သူ့ရဲ့ မဟာမိတ်တွေကို လိုက်ပြီး တိုက်တွန်းနေတဲ့အချိန်မှာ ဟွာဝေးက အဲဒီစမတ်ဖုန်းကို မိတ်ဆက်ခဲ့တာပါ။ ပြီးခဲ့တဲ့သီတင်းပတ်မှာ ဆမ်ဆောင်းကုမ္ပဏီက အမေရိကန်ဒေါ်လာ ၂၀၀၀ နီးပါး တန်ဖိုးရှိတဲ့ အလားတူ ခေါက်လို့ရတဲ့ စမတ်ဖုန်းအသစ်ကို ပထမဆုံး မိတ်ဆက်ခဲ့ပါတယ်။
2 years Ago
Up