ခေတ်သစ်ကျွန်ပြုမှု

August 26, 2017

ခေတ်သစ်ကျွန်ပြုမှု ချေမှုန်းရန် ကမ္ဘာ့ခေါင်းဆောင်များက ကတိပြု

လူကုန်ကူးမှု၊ ခေတ်သစ် ကျွန်ပြုမှုနဲ့ အဓမ္မ အလုပ်ခိုင်းစေမှုတွေကို အဆုံးသတ် ချေမှုန်းမယ်လို့ နိုင်ငံပေါင်း ၄၈ နိုင်ငံက နိုင်ငံရေးသမားတွေနဲ့ စီးပွားရေး ခေါင်းဆောင်တွေက မနေ့က ကတိပြုလိုက်ပါတယ်။ သြစတြေးလျနိုင်ငံ ပါ့သ်မြို့မှာ ကျင်းပတဲ့ အထင်ကရ ဖိုရမ်အတွင်း ခုလို ကတိပြုလိုက်တာပါ။ ပြည်သူပိုင်ကဏ္ဍနဲ့ ပုဂ္ဂလိကပိုင် ကဏ္ဍတို့ကြား မိတ်ဖက်ပြုမှု တိုးမြှင့်ဖို့ မနှစ်က စတင်ခဲ့တဲ့ ဖိုရမ်ကို အမေရိကန် လက်လီဆိုင်များကွင်းဆက် ဝေါလ်မတ်ခ်၊ ဂျပန်နိုင်ငံက မစ်ဆူအီနဲ့ တရုတ်နိုင်ငံက JD.com တို့အပါအဝင် ကမ္ဘာ့ထိပ်တန်း စီးပွားရေး ခေါင်းဆောင်တွေပါ တက်ရောက်ခဲ့ပါတယ်။ ဒါဟာ ရောင်းချမှု ကွင်းဆက်တလျှောက် အလုပ်သမားရေး အလေ့အကျင့်ကောင်းတွေအတွက် စံချိန်စံညွှန်းကို သတ်မှတ်ဖို့ပဲလို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး ရဲ့နို မာစူဒီက ပြောပါတယ်။ လူကုန်ကူးမှု ဓားစာခံတွေကို ထောက်ပံ့ကူညီဖို့နဲ့ ချက်ချင်း ဘယ်သူဘယ်ဝါ ဆိုတာ ဖော်ထုတ်တာ သေချာစေဖို့ လုပ်ငန်းစဉ်ကို စတင်ရေးနဲ့ ကျင့်ဝတ်နဲ့ညီတဲ့ စီးပွားရေး အလေ့အကျင့် တွေကို သတိထားမိမှု မြှင့်တင်ရေးအတွက် ဒီဖိုရမ်ကို ကျင်းပတာလို့ မာစူဒီက ဆက်ပြောပါတယ်။ ဒါပေမယ့် ဒီဖိုရမ်ဟာ ယေဘုယျကျတဲ့ ကတိကိုသာ ပေးခဲ့ပြီး လက်တွေ့ကျင့်သုံးမယ့် စီမံကိန်းတွေကိုတော့ မကြေညာသေးပါဘူး။ ကမ္ဘာတလွှား ခေတ်သစ် ကျွန်ပြုမှုရဲ့ သားကောင်တွေ အယောက် ၄၅ သန်း ရှိနေတယ်လို့ ကမ္ဘာလုံးဆိုင်ရာ ကျွန်ပြုမှု ညွှန်းကိန်းက ခန့်မှန်းထားပါတယ်။ ဒီဓားစာခံတွေရဲ့ ၃ ပုံ ၂ ပုံကတော့ အင်ဒို ပစိဖိတ်ဒေသအတွင်းက လူတွေလို့ ခန့်မှန်းထားပါတယ်။
4 years Ago
Up