အင်္ဂပူမြို့နယ်တွင်းမှာ လယ်သမားတွေကို ထောက်ပံ့တဲ့ ငွေကြေးတွေကို ကျေးရွာအုပ်ချုပ်ရေးမှူးတွေက အလွဲသုံးစား လုပ်ကိုင်ထားလို လယ်သမားတွေ တိုင်တန်းမှုတွေ ပြုလုပ်နေပေမယ့် ထိရောက်တဲ့ အရေးယူမူတွေ မရှိလို့ လယ်သမားတွေက ကျေနပ်မှု မမရှိဘူးလို့ ဆိုပါတယ်။
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်မှာ ပြီးခဲ့တဲ့နှစ်က ရေကြီးနစ်မြုပ်တဲ့ လယ်မြေဧကတွေ နိုင်ငံတော်သမ္မတ အထူးရန်ပုံငွေနဲ့ နစ်မြုပ်ပျက်စီးသွားတဲ့ လယ်သမားတွေကို ၁ ဧက ၁ သောင်းကျပ်နှုန်းနဲ့ ပြန်လည်ထောက်ပံ့ခဲ့ပါတယ်။
အဲဒီထောက်ပံ့ငွေကို စိုက်ပျိုရေးဝန်ကြီးဌာကနေ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ၅ လပိုင်း နောက်ဆုံးအပတ်မှာ ထောက်ပံ့ပေးအပ်တာပါ။
ခုလို ထောက်ပံ့တဲ့ သမ္မတအထူးရန်ပုံငွေကို ကျေးရွာအုပ်ချုပ်ရေးမှူးတွေက အလှူငွေ ပြန်ကောက်တာတွေ စာရင်းမတင်တဲ့ လူတွေကို ပေးတာတွေနဲ့ စတဲ့ စာရင်းအင်း မတိကျတာတွေကို လုပ်ကိုင်လို့ ဒေသခံလယ်သမားတွေက ခုလိုလုပ်ကိုင်နေတဲ့ အင်္ဂပူမြို့နယ်ထဲက ကျပ်ခပ်ကွင်းအုပ်စု၊ ဝက်လဟာ အုပ်စု၊ လူတော်စု အုပ်စု၊ ကညင်ငူအုပ်စု စတဲ့ ကျေးရွာအုပ်စုပေါင်း ၆ ခုက ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို တိုင်တန်းမှုတွေ ပြုလုပ်ထားတာပါ။
တိုင်တန်းမှုတွေက လဝက်ကျော်ခန့် ကြာနေပေမယ့် တစုံတရားအရေးယူမှုတွေ မလုပ်ကိုင်လို လယ်သမားတွေက ကျေနပ်မှုမရှိတာတွေနဲ့ သူတို့ထောက်ပံ့တဲ့ငွေကို အတိအကျ ပြန်လိုချင်နေတာတွေ ဖြစ်ပေါ်နေကြတာပါ။
မြောက်ချောကုန်းကျေးရွာ အင်္ဂပူမြို့နယ်နေ ဦးကျော်နိုင်ဝင်းက “သမ္မတရန်ပုံငွေကို ကျနော့်ဆီက ပျက်သွားတဲ့ ဧက ၁၇၀၀ ကျော်ကို ၁ ဧက တသောင်းနှုန်းနဲ့ သိန်းပေါင်း ၁၇၀ကျော် ထောက်ပံ့တယ်။ ဒါပေမယ့် အတိအကျ မရပါဘူး။ ဒါကို မကျေနပ်ဘူး”လို့ ပြောပါတယ်။
အင်္ဂပူမြို့နယ်၊ ကျပ်ခပ်အုပ်စုနေ ဦးအုန်းသိန်းက “တဧက တသောင်းရတယ်။ ပေးတော့ တဝက်တောင် မရဘူး။ အဲဒါကို ဘယ်လိုလုပ်တယ်တော့ မသိဘူး။ ဒါကို ကျနော်က မကျေနပ်ဘူး” လို့ ပြောပါတယ်။
အင်္ဂပူမြို့နယ်၊ အကျည်ကုန်း ကျေးရွာနေ ဦးကျော်သန်းက “ကျနော်တို့ တောင်သူတွေကို နိုင်ငံတော်က ထောက်ပံ့တဲ့အတိုင်း အဲဒီအခွင့်အရေးကို ယူချင်ပါတယ်” လို့ ပြောပါတယ်။
အင်္ဂပူအမှတ် (၂) မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်ကိုယ်စားလှယ် ဦးဘိုဘိုဇင်က “ထွေအုပ်ကို မေးထားတယ်။ တိုင်တန်းတာ ၆ ခုကို ၄ ခုတော့ တိုင်းထွေအုပ်ကို စစ်ဆေးချက်တွေ တင်ထားတယ်။ အမှန်တကယ်ဖြစ်နေတာ သူ့အနေနဲ့သိတယ်။ လယ်သမားတွေ ကျေနမ်မှုမရဘူး။ တစုံတရာ အရေးမယူဘူးဆိုရင် သူ့အနေနဲ့ ဝန်ကြီးချုပ်ကို တွေ့ပြီး လိုအပ်သလို ထိရောက်စွာ အရေးယူဖို့ ပြောမယ်”လို့ ပြောပါတယ်။
အင်္ဂပူမြို့နယ်မှာ ကျေးရွာအုပ်စု ၈၀ ရှိပြီး မနှစ်က ပျက်စီးတာ ၄၃ အုပ်စု ဧက ၂ သောင်းကျော် ပျက်စီးခဲ့ပါတယ်။ သိန်းပေါင်း ၂ ထောင်ကျော်နဲ့ လယ်သမား ၆ ထောင်ကျော်ကို ခုနှစ် စပါးစိုက်ပျိုးရာသီအမီ ငွေကြေးထောက်ပံ့တာပါ။
အင်္ဂပူမြို့နယ်ဟာ နှစ်စဉ် ရေကြီး နစ်မြုပ်တဲ့ဒဏ် ခံစားရတဲ့ မြို့နယ်တခုလည်း ဖြစ်ပါတယ်။
သတင်း - သန်းထိုက်မြင့်
6 years Ago