ကျော်ကိုကို၊ မောင်မောင်လွင်၊ စည်သူအောင်တို့၏ဂိုးဖြင့် မြန်မာက အင်ဒိုကို အနိုင်ယူ

March 22, 2017

ကျော်ကိုကို၊ မောင်မောင်လွင်၊ စည်သူအောင်တို့၏ဂိုးဖြင့် မြန်မာက အင်ဒိုကို အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

မြန်မာ့လက်ရွေးစင်အသင်းနဲ့ အင်ဒိုနီးရှားအသင်းတို့ရဲ့ ခြေစမ်းပွဲကို မတ်လ ၂၁ ရက် ညနေပိုင်းက အင်ဒိုနီးရှားနိုင်ငံမှာ ယှဉ်ပြိုင်ကစားခဲ့ပြီး မြန်မာအသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ မြန်မာအသင်း တိုက်စစ်မှူး ကျော်ကိုကိုနဲ့အတူ အောင်သူ၊ မောင်မောင်လွင်တို့ရဲ့ တိုက်စစ်ပိုင်းက အလုပ်ဖြစ်ခဲ့တာကြောင့် ဂိုးသွင်းခွင့်တွေလည်း ရခဲ့ပါတယ်။ ဒါပေမယ့် ဦးဆောင်ဂိုးကိုတော့ အင်ဒိုနီးရှားအသင်းက စတင်ရရှိခဲ့တာပါ။ မြန်မာအသင်းအတွက် ချေပဂိုးကိုတော့ ပွဲချိန် ၃၆ မိနစ်မှာ မောင်မောင်လွင်က ဂိုးသမားကိုပါ လိမ်ခေါက်ပြီး သွင်းခဲ့တာပါ။ ပထမပိုင်းမှာ တဂိုးစီသရေကျခဲ့ပြီး ဒုတိယပိုင်းမှာလည်း မြန်မာအသင်းက ဖိအားပေး တိုက်စစ်ဆင်ကစားခဲ့ပေမယ့် တိုက်စစ်ပိုင်းက အဆုံးသတ်အားနည်းခဲ့လို့ ပွဲချိန် ၇၃ မိနစ်ရောက်မှာ အနိုင်ဂိုးရခဲ့ပါတယ်။ တိုက်စစ်မှူး ကျော်ကိုကို ကို အင်ဒိုနီးရှား နောက်တန်းက ဖျက်ထုတ်ပုံကြမ်းခဲ့လို့ ပင်နယ်နီရရှိခဲ့ပြီး ကျော်ကိုကိုကပဲ သွင်းယူခဲ့တာပါ။ ပွဲပြီးခါနီးမှာလည်း လူစားဝင်ကစားသမား စည်သူအောင်က ကျော်ကိုကိုရဲ့ ဖြတ်တင်ပေးမှုကနေ အပိုင်ပိတ်သွင်းခဲ့လို့ ၃ ဂိုး ၁ ဂိုးနဲ့ မြန်မာအသင်းက အနိုင်ရခဲ့တာပါ။ ဒီပွဲဟာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က အသိအမှတ်ပြုထားတဲ့ နိုင်ငံတကာခြေစမ်းပွဲဖြစ်ပေမယ့် လက်ရွေးစင်အသင်းပွဲစဉ်မရှိတဲ့ အင်ဒိုနီးရှားအသင်းက ယူ ၂၂ အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တာ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ အာရှဖလားခြေစစ်ပွဲ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် လာမယ့် မတ် ၂၈ ရက်မှာ အိန္ဒိယအသင်းနဲ့ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။
5 years Ago
Up