ကျော်ကိုကို ကို လက်ရွေးစင်အသင်းတွင် ရွေးချယ်တော့မည်မဟုတ်ဟု အသင်းအုပ်ချုပ်သူ ပြော

A d v e r t i s e m e n t With Us

October 14, 2016

ကျော်ကိုကို ကို လက်ရွေးစင်အသင်းတွင် ရွေးချယ်တော့မည်မဟုတ်ဟု အသင်းအုပ်ချုပ်သူ ပြော

ဆူဇူကီးပြိုင်ပွဲကစားမယ့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းမှာ တိုက်စစ်မှူး ကျော်ကိုကို ကို ရွေးချယ်တော့မှာ မဟုတ်ဘူးလို့ အသင်းအုပ်ချုပ်သူ ဦးသန်းတိုးအောင်က ပြောပါတယ်။ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ အောက်တိုဘာ ၁၃ ရက်က ဥရောပ လေ့ကျင့်ရေးခရီးစဉ်ကနေ ပြန်လည်ရောက်ရှိလာတာဖြစ်ပြီး ကျော်ကိုကို ကို ပြန်လွှတ်လိုက်တာဟာ အသင်းနဲ့ အံမ၀င်တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း အုပ်ချုပ်သူ ဦးသန်းတိုးအောင်က “ကျနော်တို့က ပြန်လွှတ်လိုက်တယ်ဆိုတာက ဆူဇူကီးအတွက် လူရွေးလိုက်တာ နည်းပြကြီးက။ ဆူဇူကီးအတွက်တော့ ၂၅ ယောက်မှာ ၂၃ ယောက်က သင့်တော်တယ်။ ဒီနှစ်ယောက်ကတော့ ဆူဇူကီးအတွက်က အဆင်မပြေနိုင်ဘူးလို့ ပြောလိုက်တော့ ဆူဇူကီးအတွက် သူတို့အတွက်ကတော့ အခွင့်အလမ်းက နည်းသွားပြီ။ ကျနော့်အယူအဆအရ ပြောရရင် နည်းပြကြီးကတော့ သူတို့နှစ်ယောက်ကို ပြန်ခေါ်မှာမဟုတ်တော့ဘူး။ ဒါလည်း ဒီကလေးနှစ်ယောက်က သိပြီးသားပါ။ ကျနော်တို့လည်း ကောင်းကောင်းမွန်မွန် သူတို့ကို ပြောပြပါတယ်။ စည်းကမ်းပိုင်းနဲ့ပတ်သက်ပြီးတော့ သိပ်ကြီးလေးတဲ့ ဖောက်ဖျက်မှုတွေ မရှိဘူး။ အနည်းအကျဉ်းကတော့ ကလေးတွေပဲဗျာ။ နယ်ခြားကို ခရီးထွက်တယ်၊ ရက်သုံးဆယ်လောက် ကြာလာရင် နည်းနည်းပါးပါးတော့ ရှိတတ်တာပေါ့။ ဒါလည်း သူတို့နဲ့မဆိုင်ဘူး။ ကျနော်တို့ ဆိုလိုတဲ့အဓိပ္ပာယ်က ရိုးရိုးရှင်းရှင်းလေး။ ကျနော်တို့က သူတို့ကို ဖယ်လိုက်တာပဲ။ ကစားကွက်နဲ့ အံမဝင်လို့။ ကျနော်တို့က အသင်းအတွက်လုပ်တာ၊ ကျနော်တို့တိုင်းပြည်အတွက် အကောင်းဆုံးအသင်းကို တည်ဆောက်တဲ့နေရာမှာ အသင်းရဲ့နည်းပြဆရာ ခိုင်းတဲ့အတိုင်း မကစားနိုင်တဲ့ Player ကို ကျနော်တို့က ချန်ထားရမှာပဲ” လို့ ပြောပါတယ်။ ကျော်ကိုကိုအနေနဲ့ မြန်မာ့လက်ရွေးစင်အသင်း ပြန်လည်ရောက်ရှိတဲ့အခါမှာ နည်းပြကို တောင်းပန်ပြီး အသင်းမှာပြန်ကစားဖို့ ကြိုးစားမယ်လို့ ပြောဆိုထားပေမယ့် စည်းကမ်းပိုင်းအမှား မလုပ်ခဲ့တဲ့အတွက် တောင်းပန်ဖို့ မလိုအပ်ဘူးလို့လည်း ဦးသန်းတိုးအောင်က ဆိုပါတယ်။ “ဒါက ကျနော် တခုပြောပြမယ်။ ဘာကြောင့် သူက တောင်းပန်ရမှာလဲ ကျနော်မေးမယ်။ ဘာကြောင့် တောင်းပန်တာလဲ။ သူ့ကို ကျနော်တို့က ဖယ်လိုက်တာ မဟုတ်ဘူးနော်။ နည်းပြကြီးက အသင်းနဲ့အံမဝင်လို့ ဖယ်လိုက်တာကို သူက ဘာကို တောင်းပန်မှာလဲ။ သူ့မှာ ဘာအပြစ်ရှိလို့ တောင်းပန်မှာလဲ ကျနော်က ပြန်မေးချင်တယ်။ သူ့မှာ ဘာအပြစ်မှမရှိတာ သူ တောင်းပန်စရာလည်း မလိုပါဘူး။” မြန်မာအသင်းမှာ ကျော်ကိုကိုနဲ့ သီဟဇော်တို့ကို အသင်းကနေ ပြန်လွှတ်ခဲ့တာကြောင့် ရှမ်းယူနိုက်တက်က ၀င်းမင်းထွဋ်နဲ့ ရန်ကုန်ယူနိုက်တက်က ကောင်းဆက်နိုင်တို့ကို အစားထိုး ရွေးချယ်ခဲ့ပါတယ်။ စီနီယာကစားသမားနှစ်ဦးဖြစ်တဲ့ ကျော်ကိုကိုနဲ့ သီဟဇော်တို့ကို ဥရောပ လေ့ကျင့်ရေးခရီးစဉ်ကနေ ပြန်လွှတ်လိုက်တဲ့အချိန်မှာ စည်းလုံးမှုပျက်ပြားခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ အကောင်းဆုံးစုစည်းမှု ရရှိနေပြီလို့လည်း လက်ရွေးစင်အသင်း နောက်တန်းကစားသမား ဇော်မင်းထွန်းက ပြောပါတယ်။ “ပထမတုန်းကတော့ ကျနော်တို့ ဒီ စီနီယာကစားသမားနှစ်ယောက် ဖြုတ်လိုက်တဲ့အချိန်မှာတော့ စည်းလုံးမှုက နည်းနည်းပျက်သလို ဖြစ်သွားတာပေါ့။ ဘာပဲပြောပြော ညီငယ်တွေများတော့ ရန်အောင်ကျော်တို့၊ ကျနော်တို့က အကြီးပါတော့ နည်းနည်းထိန်းပေးတယ်လေ သူငယ်ချင်းတွေ၊ ညီငယ်တွေကိုပေါ့။ ဘာပဲပြောပြော အခု ရှိတဲ့လူနဲ့ အစ်ကိုတို့ ကြိုးစားမယ်။ စုစုစည်းစည်းတော့ အခုလက်ရှိအချိန်မှာ စိတ်ဓာတ်လေးတွေ ပြန်ပြီးတော့ စုစည်းလာတယ်။ ဆိုတော့ အသင်းလိုက်လည်း မြိုင်လာတယ်ပေါ့ဗျာ။ အဲဒါမျိုးပေါ့။” ကျော်ကိုကိုနဲ့ သီဟဇော်တို့ နှစ်ဦးကို ပြန်လည်စေလွှတ်ခဲ့တာနဲ့ ပတ်သက်ပြီး နည်းပြချုပ် ဂတ်ဆီဇီကို မေးမြန်းခဲ့ပေမယ့် ဖြေကြားခြင်းမပြုခဲ့ဘဲ အသင်းမီဒီယာကို မေးမြန်းနိုင်တယ်လို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းဟာ ဥရောပနိုင်ငံတွေဖြစ်တဲ့ ဂျာမနီ၊ နယ်သာလန်၊ ဘယ်လ်ဂျီယံနဲ့ ဆိုက်ပရက်စ်နိုင်ငံတွေမှာ ခြေစမ်းပွဲ ၈ ပွဲ ကစားခဲ့ပြီး ၄ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ ပွဲ ရှုံးခဲ့ပါတယ်။
4 years Ago
Up