ကျောင်းသူကျောင်းသားအုပ်စုက ကင်းလှည့်ရဲအရာရှိ ၂ ဦးကို တိုက်ခိုက်သည့်ရုပ်သံ ပျံ့နှံ့

November 25, 2016

ကျောင်းသူကျောင်းသားအုပ်စုက ကင်းလှည့်ရဲအရာရှိ ၂ ဦးကို တိုက်ခိုက်သည့်ရုပ်သံ ပျံ့နှံ့

အင်္ဂလန်နိုင်ငံမှာ ကျောင်းသားကျောင်းသူဦးရေ ၃၀ ပါ အုပ်စုတစုဟာ အနီးနားက ကင်းလှည့်ရဲအရာရှိ ၂ ဦးကို တိုက်ခိုက်ခဲ့ကြတဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက် စာမျက်နှာတွေပေါ် ပျံ့နှံ့နေခဲ့တယ်လို့ ဒေးလီးမေးလ်သတင်းမှာ နိုဝင်ဘာ ၂၄ ရက်နေ့က ဖော်ပြပါတယ်။ အဆိုပါရဲအရာရှိ ၂ ဦးဟာ အမျိုးသမီးတဦးနဲ့ အမျိုးသားတဦးဖြစ်ပြီး ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ကျောင်းသားအုပ်စုရဲ့ တိုက်ခိုက်တာတွေကို ပြင်းပြင်းထန်ထန် ခံခဲ့ကြရတာကို တွေ့ရပါတယ်။ တိုက်ခိုက်ခဲ့ ကျောင်းသားတွေဟာ မိန်းကလေးကျောင်းသူ ၂ ဦးရဲ့ ကျောင်းပြင်ပရန်ပွဲကို ကြည့်ရှုဖို့ လာရောက်ခဲ့ကြတာဖြစ်ပြီး အများစုဟာ လန်ဒန်မြို့တောင်ပိုင်း၊ နယူးခရော့စ်မှ ကျောင်းတူညီဝတ်စုံတွေ ၀တ်ဆင်ထားခဲ့ကြတယ်လို့ ဆိုပါတယ်။ ရဲအရာရှိ ၂ ဦးဟာ မြို့တွင်းကင်းလှည့်နေချိန်မှာ ဓားတလက်ကို ဖုံးကွယ်သယ်ဆောင်ထားတဲ့ လူငယ်ကောင်လေးတဦးကို သတိထားမိခဲ့လို့ စစ်ဆေးချိန်မှာ ခုလို ဖြစ်ခဲ့တာပါ။ ကျောင်းသားအုပ်စုကြီးဟာ အမျိုးသားရဲအရာရှိအနားကို ၀ိုင်းလာခဲ့ကြပြီး ကားဘောနက်ပေါ်ကနေ မြေပြင်ပေါ် လှဲချခဲ့ကာ ထိုးနှက်ကန်ကျောက်ခဲ့ကြပါတယ်။ အမျိုးသမီးရဲအရာရှိဟာ သူ့အဖော်ကို ကယ်တင်ဖို့ ကြိုးစားခဲ့ချိန်မှာ အုပ်စုလိုက် ထိုးနှက်မှုကြောင့် မေးရိုးမှာ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တာပါ။ အပြင်မှာ ရန်ဖြစ်ဖို့ ချိန်းဆိုထားတဲ့ မိန်းကလေး ၂ ဦးဟာ လန်ဒန်တောင်ပိုင်း မတူညီကြတဲ့ ကျောင်း ၂ ကျောင်းမှဖြစ်ကာ သူတို့ ၂ ဦးရဲ့ ရန်ပွဲကို လာရောက်ကြည့်ရှုကြတာဖြစ်တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ လက်ရှိမှာတော့ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တဲ့ ရဲအရာရှိတွေကို ဆေးရုံပို့ဆောင် ကုသနေပြီး ပြစ်မှုကျူးလွန်ခဲ့ကြသူတွေကို ရဲတွေက ရှာဖွေနေကြတာပါ။ ရဲအရာရှိတွေဟာ နေ့စဉ် ပြည်သူတွေအတွက် တာဝန်ထမ်းဆောင်နေကြရတာဖြစ်တဲ့အတွက် ခုလိုအဖြစ်အပျက်ဟာ အန္တရာယ်ကြီးတယ်လို့ ဝေဖန်ပြောဆိုနေကြတာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းအချက်အလက်ပေးချင်တဲ့သူတွေ အနေနဲ့လည်း ရဲဌာန အရေးပေါ်ဖုန်းနံပါတ် ၀၈၀၀ ၅၅၅ ၁၁၁ ကို ဆက်သွယ်ပြောကြားနိုင်တယ်လို့ သတင်းထုတ်ပြန်ထားတာပါ။
6 years Ago
Up