ကျောင်းသူဝတ်စုံ

January 20, 2019

ထိုင်းကျောင်းသားများ ကျောင်းသူဝတ်စုံ ဝင်ဆင်ခွင့်ရရှိ

ထိုင်းနိုင်ငံရဲ့ အဆင့်မြင့်ဆုံး တက္ကသိုလ်က လိင်ပြောင်းလဲထားတဲ့ ကျောင်းသားတဦးကို ကျောင်းသူ ယူနီဖောင်းဝတ်ဆင်ဖို့ ခြွင်းချက်အနေနဲ့ အတည်ပြုပေးခဲ့ပြီးနောက် ထိုင်းနိုင်ငံက အမျိုးသားတွေဟာ အမျိုးသမီးတွေရဲ့ ကျောင်းဝတ်စုံဝတ်ဆင်ခွင့် ရရှိသွားခဲ့ပြီလို့ ဇန်န၀ါရီ ၁၉ ရက်နေ့ Pattayaone သတင်းမှာ ဖော်ပြပါတယ်။ ဘုတ်အဖွဲ့က မဟာပညာရေးတာဝန်ရှိသူတွေနဲ့ ကျေင်းသားတွေကို ဆင့်ခေါ်ကာ ဒီကိစ္စနဲ့ ပတ်သက်တဲ့ ဖြေရှင်းချက်နဲ့ အကြောင်းပြချက်တွေကို နားထောင်မှာဖြစ်တာကြောင့် ဒီကိစ္စဟာ ရက် ၃၀ အတွင်း အပြီးသတ် ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ ချူလာလောင်ကွန်တက္ကသိုလ်ရဲ့ ကျောင်းသားရေးရာ ဒုတိယဥက္ကဋ္ဌဖြစ်သူ တွဲဖက်ပါမောက္ခ ချိုင်ယာပွန်း ပူရာဆတ်က “ပညာရေးအဖွဲ့အစည်းအနေနဲ့ ကျောင်းသားတွေကို သူတို့ရဲ့ ဘွဲ့နှင်းသဘင်အခမ်း အနားတွေမှာ သူတို့လိင်တိမ်းညွှတ်ရာနဲ့ ကိုက်ညီတဲ့ ဝတ်ဆင်မှုကို ရွေးချယ်ဝတ်ဆင်ဖို့ ခွင့်ပြုခဲ့ပြီးဖြစ်တယ်”  လို့ ပြောပါတယ်။ ဒီကိစ္စမတိုင်ခင် တရက်အလိုတုန်းကလည်း ချူလာလောင်ကွန်း တက္ကသိုလ်ရဲ့ ကျောင်းသားဟောင်းလည်းဖြစ် နိုင်ငံရေးနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတဦးလည်းဖြစ်တဲ့ နက်တီဝပ်က မဟာပညာရေးမှာ လိင်ပြောင်းလဲထားတဲ့ ကျောင်းသားတွေကို ကျောင်းသူဝတ်စုံ ဝတ်ဆင်ဖို့ ခွင့်ပြုပေးတဲ့ တက္ကသိုလ်တခုရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အသေးစား အောင်မြင်မှုတခု ရရှိခဲ့ပြီလို့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြပါခဲ့ပါတယ်။ ဘုတ်အဖွဲ့ဟာ ဒီကိစ္စနဲ့ပတ်သက်တဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကို မချမှတ်ရသေးပေမယ့် အရင်တုန်းက ချမှတ်ထားတဲ့ တားမြစ်ပိတ်ပင်မှုကို ကိုင်တွယ်ဖြေရှင်းသွားဖို့ ရှိတယ်လို့လည်း သတင်းတွေမှာ ဖော်ပြပါတယ်။ “ချူလာလောင်ကွန်း တက္ကသိုလ်ရဲ့ ဆုံးဖြတ်ချက်က မဟာပညာရေးဌာန အမှုဆောင်ကော်မတီ ဘုတ်အဖွဲ့ရဲ့အမိန့်ကို ယာယီပိတ်ဆို့ထားစေပြီး အဲဒီအတွက် ကျောင်းသားတွေအနေနဲ့ ကော်မတီက နောက်ထပ်ကွဲပြားတဲ့ အမိန့်မထုတ်ပြန်မချင်း သူတို့စိတ်ကြိုက် ဝတ်ဆင်နိုင်ပါတယ်” လို့လည်း ထွက်ပေါ်လာတဲ့ ကြေညာချက်တစောင် မှာ ဖော်ပြထားပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး ထောက်ခံသူတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆  ရက်က ချူလာလောင်ကွန်း တက္ကသိုလ်ရဲ့ မဟာပညာရေးဌာနကို ကျောင်းသားတွေကို သူတို့ လိင်စိတ်တိမ်းညွှတ်မှုအလိုက် ဝတ်စုံရွေးချယ်ခွင့်ပေးဖို့ လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြပါတယ်။ ချူလာလောင်ကွန်းတက္ကသိုလ်နဲ့ ချင်းမိုင်တကက္ကသိုလ်တို့ဟာလည်း ပြီးခဲ့တဲ့နှစ် ဘွဲ့နှင်းသဘင်အခမ်းအနားတွေမှာ ကျောင်းသားတွေကို သူတို့လိင်စိတ်တိမ်းညွှတ်ရာအတိုင်း ဝတ်စုံကို ရွေးချယ်ခွင့်ပေးခဲ့တဲ့အတွက် အင်တာနက်အသုံးပြုသူတွေရဲ့ ချီးကျူးဂုဏ်ပြုခြင်းကို ခံခဲ့ရတယ်လို့ သိရပါတယ်။
2 years Ago
Up