ကျောင်းသား ၈ ဦး ပျောက်ဆုံး (ရုပ်သံ)

March 27, 2017

ဂျပန်တွင် ဆီးနှင်းတောင် ပြိုကျ၊ ကျောင်းသား ၈ ဦး ပျောက်ဆုံး (ရုပ်သံ)

  ဂျပန်နိုင်ငံအလယ်ပိုင်းမှာ ဒီနေ့မနက်ပိုင်းက ဆီးနှင်းတောင်ပြိုကျမှုဖြစ်ပြီး အထက်တန်းကျောင်းသား ၈ ယောက် ပျောက်ဆုံးနေလို့ အရေးပေါ်ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်နေကြပါတယ်။ တိုကျိုမြို့မြောက်ဘက် ၇၅ မိုင်အကွာက တိုချီဂီ Tochigi ခရိုင်အတွင်း နှင်းလျောစီးစခန်းတခုမှာ ဖြစ်ပွားခဲ့ပြီး ကျောင်းသား အယောက် ၃၀ ကျော်ကတော့ ဒဏ်ရာတွေနဲ့ လွတ်မြောက်ခဲ့တယ်လို့ ကျိုတိုသတင်းဌာနက ဆိုပါတယ်။ ဆီးနှင်းတောင် ပြိုကျခဲ့တဲ့အချိန်မှာ အဲဒီနေရာမှာ ကျောင်းသူ ကျောင်းသားနဲ့ ဆရာ အယောက် ၇၀ လောက် ရောက်ရှိနေကြပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကလည်း ရာသီဥတု ဆိုးရွားတဲ့အတွက် အခက်အခဲ ဖြစ်နေကြပါတယ်။ အဲဒီဒေသမှာ ပြီးခဲ့တဲ့ ၂ ရက်အတွင်း ဆီးနှင်းတွေ ထူထူထပ်ထပ် ကျရောက်နေလို့ ဆီးနှင်းတောင်ပြိုကျမှု သတိပေးချက်တွေလည်း ထုတ်ပြန်ထားတာပါ။ အဲဒီအချိန်မှာ ကျောင်း ၇ ကျောင်းက ကျောင်းသားတွေ ဆီးနှင်းတောင်တက်သွားကြတယ်လို့ ဒေသခံသတင်းတွေက ဖော်ပြကြပါတယ်။ ပြီးခဲ့တဲ့ရက်တွေအတွင်း ဆီးနှင်းကျရောက်မှုဟာ ထု ၃၀ စင်တီမီတာကျော် ရှိတဲ့အတွက်  ကယ်ဆယ်ရေး ရဟတ်ယာဉ်တွေလည်း သွားရောက်နိုင်ခြင်း မရှိသေးပါဘူး။ နောက်ထပ် ဆီးနှင်းတောင်ပြိုကျမှုဖြစ်နိုင်တဲ့ အန္တရာယ်လည်း ရှိနေသေးတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောဆိုကြပါတယ်။
5 years Ago
Up