ကျောင်းသားခေါင်းဆောင် ကိုနန္ဒစစ်အောင်နှင့် မဖြိုးဖြိုးအောင်တို့ကို အမှုထပ်တိုး

February 3, 2016

ကျောင်းသားခေါင်းဆောင် ကိုနန္ဒစစ်အောင်နှင့် မဖြိုးဖြိုးအောင်တို့ကို အမှုထပ်တိုး

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး သပိတ်မှောက် ဆန္ဒပြ ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုနန္ဒစစ်အောင်နဲ့ မဖြိုးဖြိုးအောင်တို့ကို ရန်ကနု ဗိုလ်တထောင် နဲ့ တာမွေတရားရုံးမှာ ဒီကနေ့ ထပ်မံ တရားစွဲဆိုလိုက်ပါတယ်။ သူတို့တွေဟာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက ကျောင်းသားသပိတ်ကို ထောက်ခံတဲ့ပွဲ ကျင်းပခဲ့လို့ အခုလို အမှု ထပ်တိုးလိုက်တာလို့ မဖြိုးဖြိုးအောင်ရဲ့ဖခင် ဒေါက်တာနေ၀င်းက ပြောပါတယ်။ “ဗိုလ်တထောင်မှာ ကိုနန္ဒစစ်အောင်နဲ့ သမီးဖြိုးဖြိုးအောင်တို့ကို ပုဒ်မ ၁၈ နဲ့စွဲတာ ၁၅ ရက်နေ့ကို ရုံးချိန်းပေးလိုက်တယ်။ ဗိုလ်တထောင်ပြီးတော့ တာမွေတရားရုံးကိုလာတယ်။ တာမွေတရားရုံးမှာလည်း ပုဒ်မ ၁၈ နဲ့ တရားစွဲတယ် သူတို့နှစ်ယောက်ကိုလေ။ ၁၅ ရက်နေ့ကို ရုံးချိန်းပေးလိုက်တယ်။ ၂၀၁၅ ဖေဖော်ဝါရီလ ၈ ရက်နေ့တုန်းက ကျောင်းသားသပိတ်ကို ထောက်ခံမှုလုပ်တာလေ။ အဲဒါနဲ့တရားစွဲတာ။” သူတို့နဲ့ တမှုတည်းဖြစ်တဲ့ ကိုကျော်ကိုကို၊ ဂျိမ်း(ခေါ်) လင်းထက်နိုင်လည်း ပါဝင်ပေမယ့် ဒီကနေ့ ရုံးမထွက်ရသေးဘူးလို့လည်း ပြောပါတယ်။ အခု တရားစွဲဆိုတဲ့ ဖြစ်စဉ်ကို တရားစွဲဆိုခံရသူတွေ ကိုယ်တိုင် မသိရသေးသလို ဒီလို ဆက်တိုင်တရားစွဲဆိုမှုတွေဟာ ကျောင်းသား/သူတွေအပေါ် အစိုးရရဲ့ အငြိုးကြီးတဲ့လုပ်ရပ်လို ဖြစ်နေတယ်လို့  တရားစွဲခံရသူတွေဖြစ်တဲ့ ကိုနန္ဒစစ်အောင်နဲ့ မဖြိုးဖြိုးအောင် ပြောပါတယ်။ မဖြိုးဖြိုးအောင်ရဲ့ဖခင် ဒေါက်တာနေ၀င်းကတော့ လက်ရှိ တိုင်းပြည်ရဲ့ အကူး အပြောင်းကာလမှာ အခုလို ထပ်မံတရားစွဲဆိုမှုတွေ လုပ်တာဟာ မလုပ်သင့်တဲ့ အရာတွေဖြစ် တယ်လို့ ပြောပါတယ်။ “ဘယ်လိုမှ မလုပ်သင့်မလုပ်ထိုက်တဲ့ကိစ္စကို အခုအစိုးရက လုပ်နေတယ်။ နောက်ပြီး ကျောင်းသားတွေကို ရန်သူလိုဆက်ဆံတာ၊ ကျောင်းသားတွေ၊ ကျောင်းသားသမဂ္ဂတွေ မလို လားဘူး၊ မရှိစေချင်ဘူး။ အသိအမှတ်မပြုဘူး။ အဲလို သဘောမျိုးနဲ့များ တမှုပြီးတမှု စွဲချက်တင်နေ လားမသိပါဘူး။ အဲဒါ လုံးဝမဖြစ်သင့်တဲ့ကိစ္စပါ။ ” [caption id="attachment_133905" align="aligncenter" width="622"]တရားရုံးရှေ့မြင်ကွင်း (ဓာတ်ပုံ - အာကာ) တရားရုံးရှေ့မြင်ကွင်း (ဓာတ်ပုံ - အာကာ)[/caption] အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်တဲ့အနေနဲ့ ရန်ကုန်ကို ခရီးရှည်ချီတက် ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားနဲ့ ၀န်းရံပြည်သူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ မတ်လက  လက်ပံတန်းမြို့မှာ အကြမ်းဖက်ဖြိုခွင်းပြီး သာယာဝတီထောင်မှာ ဖမ်းဆီး တရားစွဲဆိုထားတာပါ။ ဖမ်းဆီးတရားစွဲဆိုခံရတဲ့ ကျောင်းသားနဲ့ ၀န်းရံပြည်သူပေါင်း ၆၈ ဦးရှိခဲ့ပြီး အဲဒီထဲက တချို့ကို အာမခံနဲ့ လွှတ်ပေးထားပါတယ်။ မနေ့က သာယာဝတီတရားရုံးမှာ ရုံးထုတ်စစ်ဆေးချိန်ကလည်း ဆေးကုသမှု ခံယူနေတဲ့ ကျောင်းသား ကိုဘိုဘိုထွန်းကို အာမခံနဲ့လွှတ်ပေးခဲ့တယ်လို့လည်း ပြောပါတယ်။ မဖြိုးဖြိုးအောင်အပါအ၀င် ဗကသကျောင်းသားခေါင်းဆောင်တွေဟာ အမျိုးသားပညာရေး ဥပဒေဆန္ဒပြမှုနဲ့ သာယာဝတီတရားရုံးအပြင် ရန်ကုန်ရှိမြို့နယ် တော်တော်များများမှာ တရားစွဲ ဆိုခံနေရတာဖြစ်ပါတယ်။
7 years Ago
Up