ကျောင်းသားအရေးတော်ပုံ

A d v e r t i s e m e n t With Us

November 18, 2016

ဂရိတွင် ကျောင်းသားအရေးတော်ပုံ နှစ်ပတ်လည် ဆန္ဒပြရာမှ ရဲများနှင့် ရုန်းရင်းဆန်ခတ်ဖြစ် (ရုပ်သံ)

ဂရိနိုင်ငံရဲ့မြို့တော် အေသင်မှာ နိုဝင်ဘာ ၁၇ ရက်နေ့က ဆန္ဒပြသူတွေနဲ့ ရဲတွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။ အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေက မျက်ရည်ယို ဓာတ်ငွေ့တွေကို သုံးပြီး လူစုခွဲဖို့ ကြိုးစားလို့ ဆန္ဒပြသူ ဒါဇင်ပေါင်းများစွာ ဓာတ်ဆီပုလင်းဗုံးတွေ၊ ကျောက်ခဲတွေ၊ လောက်လေးခွတွေနဲ့ ရဲတွေကို ပြန်ပစ်ခတ်ခဲ့ကြပါတယ်။ မျက်နှာဖုံးစွပ်ဝတ်ထားတဲ့ ဆန္ဒပြသူတွေက အမှိုက်ပုံတွေကို မီးရှို့ခဲ့လို့ လမ်းတွေထဲမှာ ရဲတွေက အပြေးအလွှား လိုက်ဖမ်းနေကြပါတယ်။ ၁၉၆၇ ကနေ ၁၉၇၄ ကြား တိုင်းပြည်ကို အုပ်ချုပ်ခဲ့တဲ့ စစ်အာဏာရှင်ကို ဖယ်ရှားရေး သွေးမြေကျတဲ့ ကျောင်းသားအရေးတော်ပုံ ၄၃ နှစ်ပြည့် နှစ်ပတ်လည်အဖြစ် ဆန္ဒပြရာက အခုလို ဖြစ်တာပါ။ ၁၉၇၃ ခုနှစ်က အေသင် ပေါ်လီတက္ကနစ် တက္ကသိုလ်နားက လမ်းတွေမှာ ရဲတွေနဲ့ ကျောင်းသားတွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့လို့ လူဒါဇင်အတော်များများ သေဆုံးခဲ့ပါတယ်။ တင့်ကားတွေက ကျောင်းဝင်ပေါက်ကို ဖျက်ဆီးခဲ့တာပါ။ ဒီဖြစ်ရပ်အထိမ်းအမှတ် နှစ်ပတ်လည်နေ့တွေဟာ အစိုးရမူဝါဒတွေကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေရဲ့ ဆုံချက် ဖြစ်လာပါတယ်။ နိုင်ငံတွင်းမှာတော့ အကြွေးတွေပြန်ဆပ်ရေး ဥရောပသမဂ္ဂနဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့တို့က တောင်းဆိုထားတဲ့ ပင်စင်နဲ့ လုပ်ခ လျှော့ချဖြတ်တောက်ရေး မူဝါဒအပေါ် ပြည်သူတွေ ဒေါသထွက်နေပါတယ်။ ၂၀၀၉ ခုနှစ်က စတဲ့ ကြွေးမြီအကျပ်အတည်းကြောင့် ဂရိစီးပွားရေး လေးပုံတပုံ ကျဆင်းခဲ့ပြီး ထောင်သောင်းချီတဲ့လူတွေ အလုပ်ပြုတ်ခဲ့သလို စီးပွားရေးလုပ်ငန်းတွေလည်း ပိတ်သိမ်းခဲ့ရပါတယ်။
4 years Ago
Up