ကျောင်းသားလွှတ်တော်

August 30, 2018

ကျောင်းသားလွှတ်တော်ဆိုတာ ရှိသလား (သုတကဖေး)

ကျောင်းသားလွှတ်တော်ဆိုတာနဲ့ ပတ်သက်ပြီး စူးစမ်းချင်လာတယ်။ ဦးစွာစဉ်းစားမိတာက… လွှတ်တော်ဆိုတာဘာလဲ..။ မြန်မာအဘိဓာန်မှာတော့ “၁) ဘုရင်နှင့် ဝန်ကြီးများ တိုင်းပြည်ကိစ္စအဝဝကို တိုင်ပင်ဆောင်ရွက်ရာ အဆောက်အအုံ။ ၂) ပြည်သူ့ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားသော နိုင်ငံတော်၏ အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်း။ ၃) ယင်းအဖွဲ့အစည်း လုပ်ငန်းဆောင်ရွက်ရာ အဆောက်အအုံ” လို့ ဖွင့်ဆိုတယ်။ ဖွင့်ဆိုချက်ပြည့်စုံရဲ့လား ဆိုတာကို ထပ်မံစဉ်းစားရမယ် ထင်ပါတယ်။ လွှတ်တော်ဆိုတာ အင်္ဂလိပ်လိုတော့ Parliament ပါ။ ပြင်သစ်စကား Parliement က လာတာလို့ ဆိုတယ်။ လက်တင်လိုကတော့ Parlamentum ဖြစ်တယ်။ အဓိပ္ပာယ်ကတော့ Discussion, Meeting, Negotiation, Assembly တို့ပါပဲ။ လက်တင်၊ ပြင်သစ်၊ အင်္ဂလိပ်၊ အားလုံး ဒီအဓိပ္ပါယ်ပဲ ဖွင့်ကြပါတယ်။ "တွေ့ဆုံဆွေးနွေးညှိနှိုင်း တိုင်ပင်နှီးနှောခြင်း” ပါပဲ။ ဒါက အားလုံးလွှမ်းခြုံနိုင်တဲ့ လက်ခံနိုင်တဲ့ ဖွင့်ဆိုချက်ဖြစ်တယ်။ အင်္ဂလိပ်လို Parliament ဆိုတာ Parler ကနေ ဆင်းသက်လာတာ။ Parler ဆိုတာ (To Speak) ပဲ။ ဗမာလို စကားပြောရန်ပေါ့။ အဲ့ဒါကိုပဲ နိုင်ငံတော်ကသုံးတော့ တိုင်းပြည်တခုအတွက် ဥပဒေပြုရေးအာဏာကို ကျင့်သုံးရာဌာနလို့ ဝိဂြိုဟ်ပြုပါတယ်။ ဒါကြောင့်လည်း ဖွဲ့စည်ပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်အတိုင်း လွှတ်တော်ကို ဖွဲ့စည်းကြရတယ်။ လွှတ်တော်သမိုင်း ခြေရာကောက်ကြည့်ခြင်း လွှတ်တော်အစဟာ ဒီမိုကရေစီနဲ့အတူ မွေးဖွားလာတာ။ ဂရိခေတ်ကို ပြန်ညွှန်းရမှာပဲ ဖြစ်တယ်။ အေသင်မြို့ပြနိုင်ငံမှာ ဒီစနစ်ကျင့်သုံးစဉ်က သူ့အရပ်က ရွေးကောက်ခံ ကိုယ်စားလှယ်တွေက လွှတ်တော်လို့ခေါ်တဲ့ နေရာကို လာရောက်ပြီး နိုင်ငံရေးရာတွေ ဆွေးနွေးအဖြေရှာခဲ့တာကိုး။ လွှတ်တော်နေရာ အတိအကျ မရှိသေးတော့ ဈေးထိပ်တွေ မြို့တွင်း မြေကွက်လပ်တွေမှာ ကျင်းပကြရတာကိုး။ ဒီမိုကရေစီ ထွန်းကားလာတဲ့ အချိန်ကျတော့ တိုင်းပြည်ရဲ့ ဥပဒေပြုရေးအာဏာအတွက် ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းလာရာက လွှတ်တော်ဆိုတဲ့အသုံး တွင်ကျယ်လာခဲ့တာပဲ။ နောက်ပိုင်း ဝက်မင်စတာပါလီမန်ကြောင့် လွှတ်တော်ဟာ ကမ္ဘာအနှံ့ ကျယ်ပြန့်ခဲ့ပေမယ့် အသုံးချမှုနယ် ကျဉ်းမြောင်းစွာ အသုံးချခံရတာဟာလည်း ဝက်မင်စတာပါလီမန်ပါပဲ။ သူ့သြဇာကျယ်ပြန့်တာနဲ့အမျှ ခမ်းနား ကြီးကျယ်အောင် အရောင်တင်ရာက လွှတ်တော်ဆိုတဲ့ အသုံးဟာ အစိုးရသုံးအဖြစ် ကျုံ့သွားခဲ့တာ။ မြန်မာနိုင်ငံမှာတော့ လွှတ်တော်ဟာ ပုဂံမင်းဆက်တွေကတည်းက ရှိခဲ့တာလို့ ဆိုပါတယ်။ ရွှေဘုံနိဒါန်းမှာတော့ ပျူစောထီး လက်ထက်ကတည်းက လွှတ်တော်ပေါ်လာကြောင်းနဲ့ လွှတ်တော်ခေါ်ယူခြင်းတွေ ရှိခဲ့တယ်လို့ ဆိုတယ်။ အချို့မှတ်တမ်းတွေကတော့ နရပတိစည်သူလက်ထက်က စတင်တယ်လို့ အတည်ပြု ပြောဆိုကြတယ်။ နရပတိစည်သူက သူ့အရင်ဘိုးဘေးတွေ အလောင်းစည်သူကအစ အတော်များများဟာ ထီးနန်းကြောင့် လုပ်ကြံသတ်ဖြတ်တာတွေ ခံရပုံကို ဆင်ခြင်ပြီး သူမသေမီမှာ သား ၅ ယောက်ထဲက အငယ်ဆုံးသားကို ထီးနန်းလွှဲအပ်ပြီး အုပ်ချုပ်မှုအာဏာကို ကျန်တဲ့ ညီအစ်ကိုလေးယောက်နဲ့ စီမံခန့်ခွဲအုပ်ချုပ်ဖို့ အစီအမံပြုခဲ့တယ်လို့ ဆိုပါတယ်။ သူ အာဏာအပ်ခဲ့တဲ့ အငယ်ဆုံးသား ဇေယျသိင်္ခပေါ့။ ရာဇဝင်မှာတော့ ထီးလိုမင်းလိုမင်းလို့ နာမည်ရခဲ့တဲ့သူပါ။ ဖခင်သေတော့ ဇေယျသိင်္ခဟာ သူ့ဖခင်မှာတဲ့အတိုင်း နောင်တော်နေထိုင်ရာ အိမ်တော်တွေဆီကို နေ့စဉ်နေ့တိုင်း အစဉ်မပျက် သွားရောက်ပြီး တိုင်းရေးပြည်ရာတွေကို မေးမြန်းဆွေးနွေးလေ့ ရှိသတဲ့။ ဒီလို သွားလိုက်လာလိုက် ဆွေးနွေးမေးမြန်းတိုင်ပင် နှီးနှောပြီး နန်းတော်ကို ပြန်ကြွသွားတဲ့ ညီငယ်ကို အချိန်ကြာလာတော့ နောင်တော်တွေက ညှာတာစိတ် ဝင်လာတယ်။ အဲဒီတော့မှ ညီတော် အိမ်စဉ်လျှောက်မလာရအောင် နန်းတော်ထဲမှာ အဆောင်တဆောင်ဆောက်ပြီး လွှတ်တော်အဖြစ်သတ်မှတ်ရာ လွှတ်တော်ဆိုတာ ပေါ်လာတယ်လို့ ဆိုပါတယ်။ ဝေါဟာရအရကတော့ ဘုရင်တွေရဲ့ ထီးသုံးနန်းသုံးကပဲ ထွက်ပေါ်လာခဲ့တာ။ လုံးကောက်အဓိပ္ပါယ်အရ ကြည့်ရင် “လွှတ်” ဆိုတာ သြဇာအာဏာလွှတ်ခြင်း၊ အမိန့်တော် အမှာတော်လွှတ်ခြင်း၊ ပိုင်နက်နယ်ကိုလွှတ်ခြင်း၊ ကင်းပြတ်ခြင်း၊ လှူခြင်း ပေးခြင်း စတာတွေနဲ့ သက်ဆိုင်တာပါ။ “တော်” ဆိုတာ ထီးသုံးနန်းသုံး။ အရှင်သခင်၊ ဘုရား စတာတွေအတွက်ကို အထွတ်အမြတ်ထားသုံးရာမှာ ထည့်သွင်းပြောဆိုတဲ့ ဝေါဟာရ။ “တော်”မထည့်ဘဲ အဆောက်အအုံနဲ့ လူစုဝေးရာနေရာကို “လွှတ်ရုံး” လို့ခေါ်လည်း ရတာပဲ။ လွှတ်တော်ကိုယ်စားလှယ်ကိုလည်း “လွှတ်ရုံးကိုယ်စားလှယ်” လို့ခေါ်လည်း ရတယ်။ အမည်နာမဆိုတာလည်း ပညတ်ချက်ပါပဲ။ အခု.. ကျနော် ခေါင်းစဉ်နဲ့ပတ်သက်ပြီး စပြောပါ့မယ်။ တက္ကသိုလ်ကျောင်းသားသမဂ္ဂ သမိုင်းနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဖြစ်လာပုံ သမိုင်းကြောင်းကို ပြန်မပြောတော့ဘူး။ ဒါပေမယ့် ပြောစရာရှိတာက သမိုင်းကြောင်းတလျှောက်မှာ တကသနဲ့ ဗကသတို့ ပေါင်းပြီး ကျောင်းသားညီလာခံ ၃ ကြိမ်နဲ့ ကျောင်းသားလွှတ်တော် ၃ ကြိမ် ခေါ်ဖူးတယ်။ ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်းနဲ့ ကိုရာရှစ်တို့ ကာလပေါ့။ ပထမဆုံး ဗကသညီလာခံကို ၁၉၃၆ ခုနှစ် မေလ ၈ ရက်နေ့ ဂျူဗလီဟောမှာ ကျင်းပတာ။ အဲဒီညီလာခံကပဲ ကိုရာရှစ်ကို ဗကသဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့တာ။ ကိုအောင်ဆန်းက ဒုတိယဥက္ကဋ္ဌ။ ၁၉၃၇ ခု မေလ ၉ ရက်နေ့ မန္တလေးမြို့မှာ ကျင်းပတာ။ အဲဒီပွဲမှာတော့ မန္တလေးက လူကြီးလူကောင်းတွေအပြင် အိန္ဒိယက နောင်တချိန်မှာ ဝန်ကြီးချုပ်ဖြစ်လာမယ့် နေရူးနဲ့ သူ့သမီး အင်ဒီယာဂန္ဒီတို့လည်း တက်ရောက်ခဲ့တယ်။ ဒုတိယအကြိမ် ညီလာခံကိုတော့ နေရူးက ဖွင့်လှစ်ပေးခဲ့တာ။ ပထမဆုံး ဗကသဥက္ကဋ္ဌဟောင်း ကိုရာရှစ်က ဥက္ကဋ္ဌသစ် ကိုအောင်ဆန်းထံကို ဗကသဥက္ကဋ္ဌ ရာထူးတာဝန် လွှဲအပ်ပေးခဲ့တယ်။ ကျမ်းသစ္စာကြိမ်ဆိုပြီး ကိုအောင်ဆန်း ဥက္ကဋ္ဌနေရာ ယူပြီးတဲ့နောက် ကိုအောင်ဆန်းက ဒုတိယအကြိမ် ညီလာခံကို ဖွင့်လှစ်ပေးရန် နေရူးကိုပန်ကြားပြီး နေရူးက အဖွင့်မိန့်ခွန်းပြောပြီး ဖွင့်ပေးခဲ့တာ။ ဗမာထဲက ဝတ်လုံတော်ရ ဦးကျော်မြင့် တက်ရောက်ခဲ့တယ်။ တတိယအကြိမ်ညီလာခံက ၁၉၃၈ ခုနှစ် ဧပြီလ (၂၄/၂၅) မှာ ဥက္ကဋ္ဌ ကိုအောင်ဆန်းပဲ ဦးဆောင်ကျင်းပခဲ့တယ်။ ဒီပွဲကိုတော့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ဖွင့်လှစ်ပေးခဲ့တာ။ အရေးပါတဲ့ ဆုံးဖြတ်တွေကို ချမှတ်နိုင်ခဲ့တယ်။ ဒီညီလာခံကပဲ ကျောင်းသားဟာ နိုင်ငံရေးလုပ်ရေးကို ဆုံးဖြတ်ခဲ့တာ။ တပြိုင်တည်း ဇီးချိုင့်ကို ဆက်သွားပြီး ဇီးချိုင့်တရားပွဲမှာ လူထုနည်းနဲ့မရရင် လွတ်လပ်ရေးကို လက်နက်ကိုင်နည်းနဲ့ လုပ်ဆောင်ဖို့ နည်းလမ်းရှာရမယ်လို့ ထုတ်ဖော်ဖွင့်လှစ်ခဲ့တယ်။ ၁၉၃၈ နိုဝင်ဘာလထဲမှာတော့ ကိုအောင်ဆန်း ဥက္ကဋ္ဌနေရာက နုတ်ထွက်သွားပြီး ကိုဘဟိန်း ဥက္ကဋ္ဌဖြစ်လာတယ်။ ကိုဘဟိန်း ဥက္ကဋ္ဌလက်ထက် နိုဝင်ဘာ ပထမပတ်ထဲမှာပဲ ပထအကြိမ် ကျောင်းသားလွှတ်တော်ကို ခေါ်ယူကျင်းပခဲ့တယ်။ ကိုဘဟိန်းက လွှတ်တော်ဥက္ကဋ္ဌ ခံယူတယ်။ ၁၉၃၉ ဇန်နဝါရီ ၃၀ ရက်နေ့မှာ ဒုတိယအကြိမ် ကျောင်းသားလွှတ်တော် ကျင်းပခဲ့တယ်။ သပိတ်ကာလထဲမှာ ခေါ်ယူကျင်းပခဲ့တာ။ မြို့မကျောင်းမှာပါ။ ကျောင်းပေါင်းစုံသပိတ် အခါတွင်းကြီးပေါ့။ တတိယအကြိမ် ကျောင်းသားလွှတ်တော်ကလည်း ၁၉၃၉ ထဲမှာ ခေါ်ယူကျင်းပခဲ့တာပါ။ ဦးပု နန်းရင်းဝန်လက်ထက်မှာပါ။ ဒါကလည်း ၁၉၃၈ ကတည်းက ပြခဲ့တဲ့ ကျောင်းသားသပိတ် လှန်ရေး မလှန်ရေးနဲ့ ပတ်သက်ပြီး မဲခွဲဆုံးဖြတ်ဖို့ လိုလာတဲ့အတွက်ပါ။ အခုဖော်ပြခဲ့တာတွေက ကျောင်းသားလွှတ်တော်ဆိုတာ တချိန်က အမှန်တကယ် ကျင်းပခဲ့တာရဲ့ သက်သေအဖြစ် ဖော်ပြခဲ့တာ။ ကိုအောင်ဆန်းကာလက ဘာလို့ ညီလာခံကို သုံးခဲ့ရသလဲဆိုတာ သုံးသပ်ကြည့်ရအောင်။ သူ့ကာလက ကျောင်းသားကိုယ်စားလှယ်ဟာ သင့်တော်ရာကို အနယ်နယ်အရပ်ရပ်က လက်ရွေးစဉ် (Slection) အဖြစ် သတ်မှတ်စေလွှတ်ခဲ့ဟန်ပါပဲ။ ဒုတိယ၊ တတိယအထိ အခြေခံပညာတွေပါလာအောင် စည်းရုံးပြီး လက်ရွေးစင်ကိုပဲ စိစစ်ရွေးချယ်နေရဟန်ပါပဲ။ နောက်ပိုင်းကျတော့မှ Election အဖြစ် မဲပေးရွေးချယ်နိုင်ခဲ့တာပါ။ အဲ့လို မဲပေးရွေးချယ်ရတဲ့ ကိုယ်စားလှယ်တွေ ဖြစ်တဲ့အတွက် ကျောင်းသားလွှတ်တော်လို့ သုံးခဲ့ဟန်ပါပဲ။ ကောင်းပြီ၊ မြန်မာနိုင်ငံမှာ ကျောင်းသားလွှတ်တော် အသုံးရှိတာ မှန်ပေမယ့် နိုင်ငံတကာမှာ ဒီလိုအသုံးမျိုး ရှိသလားဆိုတာ ဆက်လေ့လာရအောင်။ သူတို့စကားနဲ့ဆိုရင် Student Parliament ခေါ်ပါတယ်။ South East European University မှာ Student Parliament & Association ဆိုတာရှိတယ်။ နော်ဝေနိုင်ငံ အော်စလိုမှာလည်း Student Parliament ဆိုတာရှိတယ်။ အဲ့လိုရှိတဲ့ နိုင်ငံနဲ့ ကျောင်းပေါင်း အများကြီးကိုပဲ ရှာဖွေကြည့်ရင်း နိုင်ငံ ၂၀ လောက်နဲ့ ကျောင်းပေါင်း ၃၀ လောက်ကို လေ့လာဖြစ်ရဲ့။ နော်ဝေနိုင်ငံရဲ့ အော်စလိုတက္ကသိုလ်ကတော့ အတော်စနစ်ကျတယ်။ Faculty ကျောင်း ရှစ်ခုလောက်ပေါင်းပြီး နှစ်စဉ် ကိုယ်စားလှယ် ၂၇ ယောက်ကို မဲနဲ့ ရွေးကောက်တင်မြှောက်ရတယ်။ ရွေးကောက်ခံ ကျောင်းသားကိုယ်စားလှယ်တွေက အချိန်ပြည့် တာဝန်ထမ်းရတယ်။ ကျောင်းသားအခွင့်အရေး၊ ပညာရေးအရည်အသွေး မြင့်ဖို့အတွက် ကျောင်းသားထု လိုအပ်ချက်တွေ ဖြည့်ဆည်းပေးရတယ်။ နှစ်တိုင်း ကျောင်းသားလွှတ်တော်ကနေ စီမံကိန်းအသစ်တွေ၊ နိုင်ငံရေးပလက်ဖောင်းတွေ၊ နိုင်ငံရေးအမြင်နဲ့ တောင်းဆိုချက်တွေ၊ ကျောင်းသားကိစ္စ အဝဝတို့ကို ချမှတ်ခြင်းတို့ လုပ်ဆောင်ရတယ်။ ဒါ နိုင်ငံခြားတိုင်းပြည်က ကျောင်းသားလွှတ်တော်။ ကဲ..ပြောစရာတွေကတော့ အများကြီးကျန်သေးတယ်။ တခုသိစေချင်တာက ကျောင်းသားလွှတ်တော်ဆိုတဲ့ အသုံးဟာ မြန်မာကျောင်းသားများသာမက ကမ္ဘာမှာလည်း အသုံးပြုကြောင်း၊ ရှိကြောင်းပါခင်ဗျား…။ ဆရာဋ္ဌေး
3 years Ago
Up