ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ

May 10, 2018

မြင်းခြံ ဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌကို ငြိမ်းစုစီဥပဒေဖြင့် တရားစွဲ

ကချင်စစ်ဘေးရှောင်တွေ လွတ်မြောက်ရေးနဲ့ စစ်ပွဲတွေ ရပ်တန့်ရေးအတွက် မြင်းခြံမြို့မှာ ဦးဆောင်ဆန္ဒပြခဲ့တဲ့ ဗကသကျောင်းသား ကိုစည်​သူမြတ်​ကို မြင်းခြုံမြို့မရဲစခန်းက ငြိမ်းစုစီ ဥပ​ဒေ ပုဒ်​မ (၁၉)နဲ့  မေ ၉ ရက်နေ့က တရားစွဲလိုက်ပါတယ်။ ခုလိုအမှုဖွင့်တရားစွဲရတာနဲ့ပတ်သက်ပြီး မြင်းခြံမြို့မရဲစခန်းက တာဝန်​ရှိသူတ​ဦးက "ဆန္ဒဖော်​ထုတ်​ရာမှာ သက်​ဆိုင်​ရာမြို့နယ်​ရဲတပ်​ဖွဲ့သို့ အသိ​ပေး အ​ကြောင်းကြားတာမျိုး မရှိတဲ့အတွက်​ ငြိမ်းချမ်းစွာစု​ဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်​ခြင်းဆိုင်​ရာ ဥပ​ဒေပုဒ်​မ (၁၉) နဲ့ အမှုဖွင့် အ​ရေးယူထားတာ​”လို့ ဒီဗွီဘီကို ​ပြောပါတယ်​။ ကချင်​စစ်​ပွဲအတွင်း ပိတ်​မိ​နေတဲ့ ​ဒေသခံတွေ ဘေးကင်း​ရေးနဲ့ စစ်​ပွဲတွေ ရပ်​တန့်​​ရေးအတွက်​ ဆု​တောင်းပွဲနဲ့ ဆန္ဒပြပွဲကို  မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့မှာ ပြီးခဲ့တဲ့ ​မေ ၆ ရက်​​က ဒေသခံ ကျောင်းသားတွေက ပြုလုပ်ခဲ့ကြတာပါ။ ဒီဆု​တောင်းပွဲနဲ့ ဆန္ဒထုတ်​​ဖော်​ပွဲကို မြင်းခြံဆန္ဒတော်​ပြည့်ဘုရားမှာ ဖ​ယောင်းတိုင်​ ထွန်းညှိကာ ဆု​တောင်းခဲ့ကြပြီး ဗိုလ်​ချုပ်​​ကြေးရုပ်​အထိ လမ်း​လျှောက်​ဆန္ဒဖော်​ထုတ်​ခဲ့တာလည်း ဖြစ်​ပါတယ်​။ ဆန္ဒပြသူတွေထဲမှ ဦး​ဆောင်​သူဖြစ်တဲ့  မြင်းခြံဒီဂရီ​ကောလိပ်​ ​ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ တတိယနှစ်​ သင်္ချာကျောင်းသား ကိုစည်​သူမြတ်​က "ကျ​နော်​တို့ ဒီမိုက​ရေစီနိုင်​ငံမှာ ခုလို ပုဒ်​မ​တွေ မရှိသင့်ဘူးလို့ထင်​တယ်​။ ဒါက ဒီမိုက​ရေစီညှဉ်းပန်းနှိပ်​စက်​မှုလို့ ကျ​နော်​တို့ သုံးသပ်​ရ လိမ့်မယ်​။ ဒီမိုက​ရေစီဆိုရင်​ လွတ်​လပ်​စွာ ဆန္ဒထုတ်​​ဖော်​ခွင့်ရှိတယ်​။ ကျ​နော်​တို့ ဒီမိုက​ရေစီပီပီ လွတ်​လပ်​စွာလှုပ်​ရှားတယ်​။ ကျ​နော်​တို့လုပ်​ရပ်​က မှန်​ကန်​တယ်​လို့ ယူဆတဲ့​အတွက်​ ဘယ်​သူ့ကိုမှ စာတင်​စရာမလိုဘူးလို့ ထင်​တယ်​။ ပြီး​တော့ ဒီအမှုနဲ့ပတ်​သတ်​ပြီး အမှုကိုဘယ်​လိုပဲဖွင့်ဖွင့် ​ရှေ့ဆက်​ပြီး လုပ်​​ဆောင်​သွားစရာရှိတာ ဆက်​လုပ်​သွားမယ်”လို့ပြောပါတယ်​။ ကချင်​ပြည်​နယ်​အတွင်း စစ်​ပွဲတွေကြောင့်  ပိတ်​မိ​နေ​တဲ့ ​ဒေသခံပြည်သူတွေ ဘေးကင်း​ရေးနဲ့ စစ်​ပွဲတွေရပ်​တန့်​​ရေးအတွက်​ ဆု​တောင်းပွဲတွေနဲ့ ဆန္ဒဖော်​ထုတ်​ပွဲတွေကို မြန်မာပြည့် မြို့အသီးသီးမှာ ပြုလုပ်ခဲ့ကြရာမှာ ဦး​ဆောင်​သူတွေ အမှုဖွင့် အ​ရေးယူ​ခံနေကြရပါတယ်​။ သတင်း - ရီရီထွန်း (မြင်းခြံ)
3 years Ago
Up