ကျောင်းသားများသမဂ္ဂရွေးကောက်ပွဲကို ကန့်ကွက်

September 7, 2017

မုံရွာတက္ကသိုလ်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂရွေးကောက်ပွဲကို ကန့်ကွက်

စက်တင်ဘာလ ၉ ရက်နေ့ မုံရွာတက္ကသိုလ် အာဏာပိုင်တွေကနေ ဦးဆောင်ကျင်းပပေးမယ့် မုံရွာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ရွေးကောက်ပွဲကို  မုံရွာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)နဲ့ ကျောင်းသားအခြေပြုအဖွဲ့တွေက ကန့်ကွက်လိုက်ပါတယ်။ မုံရွာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) နဲ့ ကျောင်းသားအခြေပြု ဖွဲ့စည်းထားတဲ့ စေတနာရှင် ပရဟိတနှင့် သွေးလှူရှင်အသင်း၊ အလင်းအိမ် ပရဟိတအသင်း၊ အကြင်နာအားမာန် တက္ကသိုလ်ကျောင်းသား ပရဟိတလူငယ်များအသင်းတို့က အချက် ၁၁ ချက်နဲ့ ကန့်ကွက်လိုက်တာပါ။ “အဓိကကတော့ အခြေခံရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းတွေနဲ့ မကိုက်ညီတာ၊ မဲဆွယ်စည်းရုံးခွင့်ကာလ မလုံလောက်တာ၊ တက္ကသိုလ်တွင်းမှာရှိတဲ့ ကျောင်းသားထုအားလုံးကို ကိုယ်စားမပြုတာ၊ ရွေးကောက်ပွဲရက်က စာမေးပွဲနဲ့နီးကပ်မှ လုပ်တာ စတဲ့ အကြောင်းရင်းတွေကြောင့် ရွေးကောက်ပွဲမှာ ဝင်မပြိုင်ဖြစ်တာပါ” လို့ မုံရွာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) ဥက္ကဋ္ဌ ကိုနိုင်ဝင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။ မုံရွာတက္ကသိုလ်မှာ ကျောင်းသား ကျောင်းသူ ၁၇၀၀၀ လောက် တက်ရောက် ပညာသင်ကြားနေကြပါတယ်။ ရွေးကောက်ပွဲကို ကျောင်းသား ကျောင်းသူ ၂၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။ “ဒီရွေးကောက်ပွဲက ကျောင်းသားထုအားလုံးကို ကိုယ်စားမပြုဘူး။ ကော်မရှင်ကလည်း ကျောင်းသား၊ ဆရာ အချိုးညီမျှမှုမရှိတဲ့အပြင် ကျောင်းသားထုက ရွေးချယ်ထားတာလည်း မဟုတ်ဘူး။ ကျောင်းသားထုက ရွေးချယ်ထားတာ မဟုတ်တဲ့အတွက် သမဂ္ဂဖွဲ့စည်းပြီးရင်လည်း ကျောင်းသားထုအခွင့်အရေးကို ထိထိရောက်ရောက် လုပ်ဆောင်ပေးနိုင်မယ်လို့ မထင်ဘူး။ အယုံအကြည် မရှိဘူး။ လက်ကိုင်တုတ်ပဲ ဖြစ်လိမ့်မယ်"လို့ စေတနာရှင် ပရဟိတနှင့် သွေးလှုရှင်အသင်း ပြန်ကြားရေးတာဝန်ခံ ကိုမျိုးသီဟက ပြောပါတယ်။ တက္ကသိုလ်ရွေးကောက်ပွဲကို ကန့်ကွက်လိုက်တဲ့ အဖွဲ့အစည်းတွေက ရွေးကောက်ပွဲရဲ့ အားနည်းချက်၊ လိုအပ်ချက်တွေကို ဆင်ခြင်သုံးသပ်ပြီး လာမယ့် ၂၀၁၈၊ ဩဂုတ်လမှာ ကျောင်းသားထု ဦးဆောင်ပြီး ကျင်းပပြုလုပ်နိုင်မယ့် ရွေးကောက်ပွဲအတွက် ညီညွတ်ရေးကို ရှေ့တန်းတင်ကာ ကြိုးစားဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မုံရွာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ရွေးချယ်တင်မြှောက်ရေးကော်မရှင်ရုံးကို သွားရောက်မေးမြန်းခဲ့ပေမယ့် ဖြေကြားနိုင်မယ့်သူ မရှိတာကြောင့် မေးမြန်းခွင့် မရခဲ့ပါဘူး။ တက္ကသိုလ်တွေမှာ တကသ၊ ဗကသ ဆိုပြီး ကျောင်းသားတွေအကြား အဖွဲ့တွေ ကွဲနေတာကြောင့် တစုတစည်းတည်း ဖြစ်ပေါ်ရေးအတွက် ရည်ရွယ်ပြီး တက္ကသိုလ်အလိုက် ကိုယ်စားပြု ကျောင်းသားသမဂ္ဂတွေကို ဖွဲ့စည်းလာနေတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လကလည်း မုံရွာစီးပွားရေးတက္ကသိုလ်ရဲ့ ကျောင်းသားသမဂ္ဂကို ရွေးချယ်ခဲ့ပြီး ဖြစ်ပါတယ်။
4 years Ago
Up