ကျောင်းသားတပ်မတော်

December 14, 2018

ဖမ်းထားသည့် တပ်ဖွဲ့ဝင်များကို ခြွင်းချက်မရှိ လွှတ်ပေးရန် ကျောင်းသားတပ်မတော် တောင်းဆို

တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးအရေးယူဖို့ လုပ်ဆောင်နေတာ ချက်ချင်းရပ်တန့်ပေးဖို့နဲ့ ခြွင်းချက်မရှိ လွှတ်ပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) က တောင်းဆိုလိုက်ပါတယ်။ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်း ဒုဥက္ကဋ္ဌ ဦးအောင်ဆွေဦး၊ ရဲဘော် မောင်ဦးနဲ့ ဦးမောင်ကိန်း (ခ) သန်းထိုက်အောင်တို့ကို  မိုးညှင်းမြို့နယ် တရားရုံးမှာ မတရားအသင်း အက်ဥပဒေ ၁၇(၁) နဲ့ ဖမ်းဆီးတရားစွဲဆိုတာကို ကန့်ကွက်တယ်လို့လည်း ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ ကျောင်းသားတပ်မတော်အနေနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်မှာ လက်မှတ်ထိုးထားသလို ၂၀၁၅ ခု အောက်တိုဘာ ၁၂ ရက်နေ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထဲရေးဝန်ကြီးဌာန အမိန့်ကြေညာစာအမှတ် ၂/၂၀၁၅ အရ မတရားအသင်းမှ ပယ်ဖျက်ခြင်းနဲ့ ပြည်ထဲရေးဝန်ကြီးဌာန အမိန့်ကြေညာစာ အမှတ် ၃/၂၀၁၅ အရ အကြမ်းဖက်သူများအဖြစ်မှ ပယ်ဖျက်ထားပြီး ဖြစ်ပါတယ်။ ဒီလို သဘောတူညီချက် ကတိကဝတ်ပြု ပြဋ္ဌာန်းချက်တွေနဲ့အညီ မိမိတို့အဖွဲ့ဝင်များကို ဖမ်းဆီးအရေးယူဖို့ လုပ်ဆောင်တာကို ချက်ချင်းရပ်တန့်ပေးဖို့နဲ့ နောက်နောင် ဒီလိုကိစ္စမျိုး မဖြစ်ပွားအောင် သက်ဆိုင်ရာ အစိုးရနဲ့ တပ်မတော် တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံး ဖြေရှင်းပေးဖို့ တောင်းဆိုထားပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ဥက္ကဋ္ဌ ရဲဘော်သံခဲက “ဒီနေ့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ တက်တက်ကြွကြွ ကျနော်တို့အားလုံးဟာ ပါဝင်နေကြတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေကို စွမ်းဆောင်နေကြတဲ့ အဖွဲ့အစည်းတွေမှာ စာချုပ်စာတမ်းတွေ ချုပ်ဆိုခဲ့ကြရပါတယ်။ အပစ်အခတ်ရပ်စဲရေးစာချုပ်တွေ ချုပ်ဆိုခဲ့ကြတယ်။ စာချုပ် ချုပ်ဆိုထားတဲ့ အဖွဲ့အစည်းတွေရဲ့ အဖွဲ့ဝင်တွေကို အခုလိုမျိုး မတရားအသင်း ဆက်သွယ်မှုနဲ့ အမှုတင် စွဲတယ်ဆိုကတည်းကိုက ကတိကဝတ်တွေ၊ ပြဋ္ဌာန်းချက်တွေကို စောင့်ထိန်းမှုမရှိဘူးဆိုတာကို ပြသနေတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့က ကန့်ကွက်ရခြင်းဖြစ်ပါတယ်။” ABSDF ကျောင်းသားတပ်မတော် မြောက်ပိုင်းရဲ့ ဒုဥက္ကဋ္ဌ အပါအဝင် ၃ ဦးကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့က ကချင်ပြည်နယ် မိုးညှင်းမြို့မှာ တပ်မတော်က ဖမ်းဆီးပြီး မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇(၁) နဲ့ ရဲစခန်းမှာ တရားစွဲဆိုထားပြီး လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ တရားရုံး ချိန်းဆိုထားပါတယ်။ ဒီလို အန်စီအေ လက်မှတ်ထိုးထားတဲ့ အဖွဲ့ဝင်တွေ ဖမ်းဆီးခံထားရတဲ့ကိစ္စမှာ တပ်မတော်၊ အစိုးရနဲ့ တိုင်းရင်းသားလက်ကိုင်အဖွဲ့တွေအကြား ပြန်လည်ဆွေးနွေးဖို့ လိုအပ်တယ်လို့လည်း ရဲဘော်သံခဲက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာတုန်းကလည်း ABSDF ဗဟိုကော်မတီဝင် ဦးမင်းဌေးကို ကေအိုင်အေ (ကချင်လွတ်မြောက်ရေးတပ်မတော်) နဲ့ ဆက်သွယ်တယ်ဆိုပြီး တပ်မတော်က တရားလိုလုပ်ကာ မတရားအသင်းဥပဒေနဲ့ အရေးယူခဲ့ပြီး ၈ လကျော်ကြာ အဖမ်းခံခဲ့ရပြီးမှ လွတ်မြောက်ခဲ့ပါတယ်။
3 years Ago

December 1, 2018

ကျောင်းသားတပ်မတော်မြောက်ပိုင်း ဒုဥက္ကဋ္ဌအပါအ၀င် ၃ ဦး ဖမ်းဆီးခံရ

ABSDF ကျောင်းသားတပ်မတော် မြောက်ပိုင်းရဲ့ ဒု ဥက္ကဋ္ဌ အပါအ၀င် ၃ ဦးကို ကချင်ပြည်နယ် မိုးညှင်းမြို့မှာ  တပ်မတော်က ဖမ်းဆီးပြီး မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (၁) နဲ့ ရဲစခန်းမှာ တရားစွဲဆိုထားပါတယ်။ ABSDF မြောက်ပိုင်းဒုဥက္ကဋ္ဌ ဦးအောင်ဆွေဦး၊ ဗိုလ်မောင်ဦးနဲ့ ကိုမောင်ကိန်း (ခ) သန်းထိုက်အောင်တို့ကို နိုဝင်ဘာ ၃၀ ရက်နေ့က မိုးညှင်းမြို့မှာ ဖမ်းဆီးထားတာ ဖြစ်ပါတယ်။ သူတို့ဟာ ကေအိုင်အေထိန်းချုပ်နယ်မြေမှာ ခွင့်ပြုချက်မရှိဘဲ နေထိုင်တာကြောင့် ပုဒ်မ ၁၇ (၁) နဲ့ အရေးယူပေးဖို့  တပ်မတော်ကနေ မိုးညှင်းမြို့မရဲစခန်းကို တိုင်ကြားထားပါတယ်။ ဦးအောင်ဆွေဦးဟာ မိုးညှင်းမြို့ခံတဦးဖြစ်ပြီး ABSDF အဖွဲ့ဝင်တဦးရဲ့ ဈာပနကို လာရောက်စဉ်မှာ အခုလို ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ မိုးညှင်းငြိမ်းချမ်းရေး အထောက်အကူပြုအဖွဲ့ဝင် ကိုစိန်အေးက “အသုဘက ၂၉ ရက်က၊ သူတို့က ဒီနေ့ ပြန်ဖို့လုပ်ထားတာ။ အဲဒါ မနေ့ညက စရဖက ရဲစခန်းမှာ ခေါ်စစ်တယ်။ ပြီးတော့ အမှုဖွင့်ပြီး အချုပ်ထဲ ထည့်ထားလိုက်တာ။ မိုးညှင်းရဲစခန်းမှာပါ။” ABSDF မြောက်ပိုင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်ပေါက်ကွေးဟာ မိုးညှင်းမြို့ နေအိမ်မှာ ကွယ်လွန်သွားတာကြောင့် နာရေးကို လိုက်ပို့ဖို့လာတာလို့လည်း ဆိုပါတယ်။ ABSDF ဗဟိုကော်မတီဝင်တယောက်ဖြစ်တဲ့ ရဲဘော်မင်းဌေးက “ဒုဥက္ကဋ္ဌ ကိုမျိုးဝင်း ပြောတာကတော့ မနေ့က NRPC ကို ဆက်သွယ်တော့ အောက်ခြေတပ်အချင်းချင်းတွေ့ပြီး ညှိလိုက်ပါလို့ ပြောတယ်တဲ့။ တပ်မတော်ဘက်ကတော့ ဘယ်လို စဉ်းစားလဲမသိဘူး။ တရားစွဲတာက အပစ်ရပ် လက်မှတ်မထိုးသေးတဲ့နယ်မြေမှာ နေတယ်ဆိုပြီး ပုဒ်မ ၁၇ (၁) နဲ့ စွဲတာလေ” လို့ ပြောပါတယ်။ မိုးညှင်းရဲစခန်းတာဝန်ရှိသူတယောက်ကတော့ ခလရ ၁၅ တပ်ရင်းက ဗိုလ်ကြီး သီဟစိုးက တရားလိုလုပ် တိုင်တန်းတာဖြစ်ပြီး မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇ (၁) နဲ့အမှုဖွင့်ထားတယ်လို့ ပြောပါတယ်။ အခုလို ABSDF မြောက်ပိုင်း ဒုဥက္ကဋ္ဌအပါအ၀င် ၃ ဦး ဖမ်းဆီးထားတာနဲ့ပတ်သက်လို့ တပ်မတော်ဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ ပြီးခဲ့တဲ့နှစ်ကလည်း ABSDF ဗဟိုကော်မတီဝင် ရဲဘော်မင်းဌေးဟာ ဗန်းမော်မြို့မှာ ၁၇(၁) နဲ့ တရားစွဲဆိုခံရပြီး ၈ လလောက် ချုပ်နှောင်ခံခဲ့ရပါသေးတယ်။
3 years Ago
More News
Up