ထိုင်းနိုင်ငံမှာ ကျောင်းသားကလေးငယ်တဦးရဲ့ ဦးခေါင်းပေါ်ကို ဖိနပ်တင် အပြစ်ပေးခဲ့တဲ့ ကျောင်းဆရာမတဦးရဲ့ ရုပ်သံဗွီဒီယိုဖိုင် ထွက်ပေါ်လာပြီးနောက် ဆိုးဝါးလွန်းပြီး လူမဆန်တဲ့ အပြုအမူအဖြစ် ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။
ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ဖြစ်ခဲ့တာဖြစ်ပြီး ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ကလေးငယ်ကို ကြမ်းပြင်မှာထိုင်စေကာ ခေါင်းပေါ်ကို ဖိနပ်တင် အပြစ်ပေးခဲ့တာကို တွေ့ရပါတယ်။
ထိုင်းနိုင်ငံ စာသင်ခန်းတွေထဲမှာ ဖိနပ်မစီးရဘူးလို့ သတ်မှတ်ထားတာဖြစ်ပြီး ကလေးငယ်ဟာ စည်းကမ်းဖောက်ဖျက်မှု တခုခုကြောင့် ခုလိုအပြစ်ပေးတာ ဖြစ်နိုင်တယ်လို့ တချို့က ဝေဖန်ပြောဆိုကြပါတယ်။
ဒါပေမယ့် တချို့ကတော့ ခုလို ရက်စက်ကြမ်းတမ်းတဲ့ ဆရာမရဲ့ အပြုအမူအပေါ် ခွင့်မလွှတ်သင့်ဘူးလို့ ဒေါသတကြီး တုံ့ပြန် ပြောဆိုနေကြတာပါ။
သက်လတ်ပိုင်းအရွယ်ရှိမယ့် အဲဒီကျောင်းဆရာမကို ဘယ်လိုအပြစ်ပေးမယ် ဆိုတာကို မသိနိုင်သေးဘူးလို့ ထိုင်းရတ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
အမှတ် ၂၉ နယ်မြေ ပညာရေးဌာနက အကြီးအကဲတဦးဖြစ်တဲ့ အဒါလ် ခေါင်သောင်ကတော့ ဒီအမျိုးသမီးရဲ့ အပြုအမူဟာ ဆိုးရွားလွန်းတယ်လို့ ပြောလိုက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
အဲဒီကျောင်းဆရာမရဲ့ အမည်ကိုတော့ ထုတ်ဖော်ပြောတာမျိုး မရှိဘဲ သူ့ကို ဌာနပြောင်းတာ၊ အလုပ်ကထုတ်ပယ်တာ စတဲ့ အပြစ်ပေး အရေးယူမှုတွေကို တပတ်နှစ်ပတ်အတွင်း လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
စာသင်ခန်းတွင်းက ကလေးတွေကို အပြစ်ပေးတယ်ဆိုရင်တောင် ခုလို ဆုံးမမှုမျိုးဟာ မသင့်တော်ဘူးလို့ အဒါလ် ခေါင်သောင်က ပြောပါတယ်။
“ခုလိုအပြစ်ပေးလိုက်တော့ ကလေးတွေဟာ စာသင်ခန်းကို ကြောက်သွားမယ်။ နောက်တကြိမ် လာချင်ကြတော့မှာ မဟုတ်ဘူး။ ခုလိုအပြုအမူမျိုးဟာ အထူးသဖြင့် ဆရာမတယောက်မှာ မရှိသင့်တဲ့ အပြုအမူမျိုးပါပဲ။”
လက်ရှိမှာတော့ ကျောင်းတာဝန်ရှိသူတွေကိုလည်း စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။
5 years Ago