ရုရှားနိုင်ငံမှ အသက် ၉ နှစ်နဲ့ ၁၀ နှစ်ကြား ကျောင်းသား ၄၄ ဦးပါဝင်တဲ့ လေ့လာရေးအဖွဲ့ဟာ စက်လှေကားတစင်းပေါ်မှာ ကြောက်မက်ဖွယ် အစုလိုက်အပြုံလိုက် ထိုးကျခဲ့တဲ့အတွက် ဒီကိစ္စမှာ တာဝန်ရှိသူတွေကို ရဲတွေက စုံစမ်းစစ်ဆေးနေပါတယ်။
ဒီအဖြစ်အပျက်ကို ဖမ်းယူရရှိထားတဲ့ စီစီတီဗွီ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ရွေ့လျားနေတဲ့ စက်လှေကားတစင်းရဲ့ အောက်ခြေအဆင်းနေရာမှာ ကလေးငယ်တွေဟာ တဦးပေါ်တဦး လဲပြိုကျလာခဲ့တာကို တွေ့ရပါတယ်။
သူတို့အုပ်စုဟာ ရုပ်ရှင်ရုံတရုံဆီ လေ့လာရေးခရီးထွက်အပြီး အိမ်အပြန်မှာ ခုလို ဖြစ်ခဲ့ရတာလို့ မေရာသတင်းတပုဒ်မှာ ဒီဇင်ဘာ ၃၀ ရက်နေ့က ဖော်ပြပါတယ်။
ဒီအဖြစ်အပျက်မှာ ထိခိုက်ဒဏ်ရာရရှိသူ တဦးမှမရှိခဲ့ပေမယ့် အွန်လိုင်းပေါ်မှာ ရုပ်သံဗွီဒီိယိုဖိုင် ပျံ့နှံ့ခဲ့ပြီး ဝေဖန်သံတွေ ထွက်ပေါ်လာချိန်မှာတော့ ရဲတွေက စုံစမ်းစစ်ဆေးဖို့ စတင်ခဲ့တာလို့ ဆိုပါတယ်။
မျက်မြင်သက်သေတဦးကတော့ “တယောက်မှ မသေမပျောက်ခဲ့တာ ကံကောင်းလို့ပါပဲ။ ကလေးတွေဟာ တယောက်အပေါ် တယောက်ထပ်ပြီး ပြုတ်ကျခဲ့တာ” လို့ ပြောပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အနီးနားရှိသူတွေက ကလေးငယ်တွေကို အန္တရာယ်မဖြစ်စေဖို့ ကူညီဆွဲထူပေးခဲ့ကြတာကို တွေ့ရပါတယ်။
ဒီအဖြစ်အပျက်မှာ ပါဝင်ခဲ့တဲ့ စတက်ဗ်ရိုပိုလ်မြို့ အမှတ် ၃၇ ကျောင်းမှ ကျောင်းသူ မိန်းကလေး ၅ ဦးကိုတော့ ဆေးရုံပို့ဆောင်ထားခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဒီလေ့လာရေးခရီးစဉ်မှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ဆရာ၊ ဆရာမတွေနဲ့ အခြေအနေကို လျစ်လျူရှုခဲ့ကြတဲ့သူတွေကိုတော့ လက်ရှိမှာ မသိနိုင်သေးပါဘူး။
အဖြစ်အပျက်တခုလုံးမှာတော့ သူတို့ဟာ စက်လှေကားကို ဘယ်လိုရပ်လိုက်ရမလဲ ဆိုတာတောင် မသိခဲ့ကြဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။
စုံစမ်းစစ်ဆေးရေးကော်မတီမှ တာဝန်ရှိသူတဦးကတော့ “ဒီကျောင်းသားအုပ်စုမှာ ဦးဆောင်တဲ့ ဆရာ၊ ဆရာမတွေဟာ ကလေးတွေကို အသက်အန္တရာယ်နဲ့ လုံခြုံရေးဆိုင်ရာ အသိပညာပေးတာမျိုး မရှိခဲ့ဘူး” လို့ ပြောပါတယ်။
ရုရှားနိုင်ငံ မော်စကိုမြို့တော်ရဲ့ မြေအောက်ရထားဘူတာရုံ စက်လှေကားတွေမှာတော့ လုံခြုံရေးဝန်ထမ်းတွေဟာ အဆက်မပြတ် ကြည့်ရှုနေကြပြီး ပြဿနာတစုံတရာ ပေါ်ပေါက်လာခဲ့ရင် အကူအညီပေးနိုင်ဖို့ ခရီးသည်တွေကို စောင့်ကြပ်ကြည့်ရှုနေကြတာပါ။
6 years Ago