ကျောင်းသား

July 4, 2019

မြောက်ကိုရီးယားတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် သြစတြေးလျ ကျောင်းသားလွတ်မြောက်

ပြီးခဲ့တဲ့ သီတင်းပတ်က မြောက်ကိုရီးယားနိုင်ငံမှာ ပျောက်ဆုံးနေခဲ့တဲ့ သြစတြေးလျ ကျောင်းသားဟာ ဖမ်းဆီးထိန်းသိမ်းခံထားခဲ့ရာကနေ လွတ်မြောက်လာခဲ့ပြီလို့ သြစတြေးလျ ၀န်ကြီးချုပ် စကော့ မော်ရစ်ဆန်က ပြောပါတယ်။ ဒါဟာ မြောက်ကိုရီးယားမြို့တော် ပြုံယမ်းက ဆွီဒင်သံရုံးတာဝန်ရှိသူတွေနဲ့ မြောက်ကိုရီးယားအစိုးရတွေ့ဆုံမှုအပြီးမှာ သတင်းထုတ်ပြန်လိုက်တာပါ။ မြောက်ကိုရီးယားနဲ့ သြစတြေးလျ ၂ နိုင်ငံကြားမှာ သံတမန်အဆက်အသွယ်မရှိကြဘဲ ဆွီဒင်က သြစတြေးလျကိုယ်စား ကြားဝင် ဖြေရှင်းခဲ့ရတာ ဖြစ်ပါတယ်။ သြစတြေးလျဝန်ကြီးချုပ် စကော့ မော်ရစ်ဆန်က လွှတ်တော်ထဲမှာ “ဒီအဖြစ်အ ပျက်နောက်ကွယ်က သံတမန်ရေးရာပိုင်းအရ တာဝန်ရှိသူတွေ ဖြေရှင်းခဲ့ရတာတွေဟာ ရှုပ်ထွေးတယ်” လို့ ပြောပါတယ်။ “ဒီနေ့တော့ မြောက်ကိုရီးယား ဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံကနေ မစ္စတာ အဲလက်ခ် ဆစ်ဂ်လေ လွတ်မြောက်ခဲ့ပြီဆိုတာကို ကျနော်တို့ ၀မ်းမြောက်ဝမ်းသာ ကြေညာပေးချင်ပါတယ်။ သူဟာ ကျန်းကျန်းမာမာနဲ့ ဘေးကင်းကင်းရှိနေပါတယ်” ပျောက်ဆုံးခဲ့သူ အသက် ၂၉ နှစ်အရွယ် မာစတာကျောင်းသား အဲလက်ခ် ဆစ်ဂ်လေဟာ ကင်မ်အီဆွန်းတက္ကသိုလ်မှာ ကိုရီးယားစာပေအထူးပြုနဲ့ တက်ရောက်ခဲ့ပြီး ကိုရီးယားလို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်သူ တဦးလည်း ဖြစ်ပါတယ်။ မြောက်ကိုရီးယားမှာ နေထိုင်သူ နိုင်ငံခြားသားအနည်းစုထဲက တဦးအပါအ၀င်ဖြစ်တဲ့ ဆစ်ဂ်လေဟာ လတ်တလောမှာတော့ ပြုံယမ်းမှာ ခရီးသွားလုပ်ငန်းစီးပွားရေးတခုလုပ်ဖို့ ကြိုးစားနေသူဖြစ်ကာ ကြိုးနီစနန်နဲ့ နိုင်ငံဆီ အနောက်ဘက်က ကမ္ဘာလှည့်ခရီး သွားတွေ လာရောက်လည်ပတ်နိုင်ဖို့ လုပ်ဆောင်နေသူ ဖြစ်ပါတယ်။ သူ့ကို ဘာကြောင့် ဖမ်းဆီးထိန်းသိမ်းရတယ်ဆိုတဲ့ အကြောင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိကြရပါဘူး။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကတော့ ဆစ်ဂ်လေနဲ့ သူ့ရဲ့ မိသားစုတွေ၊ မိတ်ဆွေ သူ ငယ်ချင်းတွေဟာ အဆက်အသွယ်မရှိတော့ပဲ ပျောက်ဆုံးခဲ့ချိန်မှာတော့ စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာခဲ့ကြပြီး ဖမ်းဆီးထိန်းသိမ်းခံထားရပြီဆိုတာကို သိရှိခဲ့ကြရတာပါ။ လတ်တလော သူလွတ်မြောက်လာတဲ့ သတင်းကို ပထမဆုံးဖော်ပြတာကတော့ မြောက်ကိုရီးယားသတင်းတွေ တစိုက်မတ်မတ်ဖော်ပြတဲ့ အဲန်ခေသတင်းဌာနဖြစ်ပြီး ဆစ်ဂ်လေဟာ တရုတ်နိုင်ငံကို ရောက်ရှိနေပြီး အဲဒီကနေတဆင့် ဂျပန်နိုင်ငံကို ဆက်သွားမှာဖြစ်တယ်လို့ မဖော်ပြနိုင်တဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရေးသားဖော်ပြပါတယ်။ “ကျနော် အဆင်ပြေပါတယ်။ ဟုတ်ကဲ့။ ကောင်းပါတယ်” လို့ ဘေဂျင်းမြို့ကို ရောက်နေချိန် ရုပ်သံသတင်းထုတ်လွှင့်မှုတခုမှာ တွေ့ရပါတယ်။ ဆစ်ဂ်လေရဲ့ ဖခင်က ဒေသတွင်းသတင်းမီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာတော့ “မိ သားစုအတွက် သူဘေးကင်းကင်း ကျန်းကျန်းမာမာ ရှိနေတယ်ဆိုတဲ့ သတင်းဟာ ခက်ခဲ တဲ့ကာလကို ဖြတ်သန်းလွန်မြောက်နိုင်ခဲ့တာပဲဖြစ်တယ်”လို့ ဖြေခဲ့ပါတယ်။ ၀န်ကြီးချုပ် မော်ရစ်ဆန်က ဆွီဒင်အစိုးရ တာဝန်ရှိသူတွေဟာ မြောက်ကိုရီးယား အကြီးတန်း တာဝန်ရှိသူတွေနဲ့ ဇူလိုင်လ ၃ ရက်နေ့မှာ တွေ့ဆုံပြီး အဲလက်ခ်ပျောက်ဆုံး နေမှုအပေါ် သြစတြေးလျနိုင်ငံကိုယ်စား ဆွေးနွေးပေးခဲ့ကြတယ်လို့ ဆိုပါတယ်။ “ကျနော့်အနေနဲ့ ဒီကိစ္စမှာ တန်ဖိုးမဖြတ်နိုင်တဲ့ ဆွီဒင်အစိုးရတာဝန်ရှိသူတွေကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ကြောင်းလည်း ပြောလိုပါတယ်။” ဆွီဒင်နိုင်ငံမှာ မြောက်ကိုရီးယားနိုင်ငံနဲ့ သံတမန်အဆက်အသွယ်ရှိတဲ့ အနောက် နိုင်ငံအနည်းစုထဲက တခုအပါအ၀င်ဖြစ်ပါတယ်။
2 years Ago

June 29, 2019

မြောက်ကိုရီးယား၌ ပျောက်ဆုံးနေသည့် သြစတြေးလျ ကျောင်းသားနေရာ မသိရသေးဟု  ၀န်ကြီးချုပ်ပြော

မြောက်ကိုရီးယားမှာ ရက်အတော်ကြာ ပျောက်ဆုံးနေတဲ့ သြစတြေးလျ ကျောင်းသားရှိတဲ့နေရာကို မသိရသေးဘူးလို့ ၀န်ကြီးချုပ် စကော့မောရစ်ဆင်က ဇွန်လ ၂၈ ရက်နေ့မှာ ပြောလိုက်ပါတယ်။ ၀န်ကြိးချုပ် စကော့မောရစ်ဆင်က “ဖြစ်ခဲ့တဲ့ ကိစ္စကို ခြေခြေမြစ်မြစ် သိအောင် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပူးပေါင်းလုပ်ဆောင်နေပါတယ်။ အဲဒီကိစ္စကို အတော်လေး စိတ်ပူပန်မိပါတယ်” လို့ ပြောခဲ့ပါတယ်။ ပြုံယမ်းမှာ ကျောင်းတက်နေတဲ့  သြစတြေးလျ ကျောင်းသား အဲလက်စ် - ဆစ်ဂလေရဲ့ သတင်းကို ဇွန်လ ၂၅ ရက်နေ့ကတည်းက မကြားရတော့ဘူးလို့ မိဘဖြစ်သူတွေက ပြောခဲ့တာပါ။ မြောက်ကိုရီးယားမှာ သြစတြေးလျ နိုင်ငံသား ထိန်းသိမ်းခံရတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ နိုင်ငံခြားရေးဌာနက ရှင်းလင်းချက်ပေးဖို့ ကြိုးပမ်းနေတယ်ဆိုပြီး ပြောထားပါတယ်။ သြစတြေးလျ ကျောင်းသား ဆစ်ဂလေဟာ မြောက်ကိုရီးယားမှာ ရှိနေစဉ်  နိုင်ငံတကာ မီဒီယာအဖွဲ့တွေအတွက် ဆောင်းပါးအတော်များများရေးခဲ့ပါတယ်။ ဆစ်ဂလေဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပုံမှန် သတင်းတင်လေ့ရှိပေမယ့် ပျောက်ဆုံးပြိး နောက်ပိုင်း ဘာပို့စ်မှ မတင်ခဲ့ဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
2 years Ago
More News
Up