သြစတြေးလျနိုင်ငံ ဒါဝင်အနီးက ကျောင်းထဲကို ရေငန် မိကျောင်း ၃ ကောင် လွှတ်ခဲ့သူ လူငယ် ၄ ဦးကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေပါတယ်။
တာမန်မန်ကောလိပ်ကျောင်းတံခါးကို ချိုးဖောက်ပြီး လူငယ် ၄ ဦးက မိကျောင်း ၃ ကောင်ကို ကျောင်းရှေ့ရုံးထဲ လွှတ်ခဲ့တာ လုံခြုံရေးကင်မရာက မှတ်တမ်းတင်ထားခဲ့တာ ဖြစ်ပါတယ်။
၆ ပေခွဲအရှည်ရှိတဲ့ မိကျောင်း ၃ ကောင် အခြေအနေက မကောင်းသလို ဆေးထိုးသတ်သွားမယ်လို့ အရာရှိတဦးက ပြောပါတယ်။
ရေထဲကနေ အတော်ကြာကြာ ကုန်းပေါ်မှာ နေရတဲ့အတွက်လည်း မိကျောင်းတွေရဲ့ အခြေအနေက ပိုမိုဆိုးဝါးနေတာ ဖြစ်ပါတယ်။
မိကျောင်းတွေက မွေးမြူရေးခြံကနေ ယူဆောင်လာခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ကျောင်းထဲကိုလာလွှတ်တဲ့ လူငယ်တွေက မျက်နှာဖုံးတွေ ၀တ်ဆင်ထားလို့ ဘယ်သူ ဘယ်ဝါဆိုတာ ဖော်ထုတ်နိုင်ခြင်း မရှိပေမယ့် ရဲတပ်ဖွဲ့က လူထုကို သတင်းပေးဖို့ တောင်းဆိုထားပါတယ်။
သြစတြေးလျမှာ ရေငန်မိကျောင်းတွေကို ဥပဒေနဲ့ အထူးထိန်းသိမ်း ကာကွယ်ထားပါတယ်။
မိကျောင်းတွေကို မှောင်ခိုကူး ရောင်းဝယ်ဖောက်ကားတာတွေ လုပ်ဆောင်မယ်ဆို သြစတြေးလျ ဒေါ်လာ ၇၇၀၀၀ ဒဏ်တပ်နိုင်သလို ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်ပါတယ်။
5 years Ago