ကျောင်းဆရာမ

January 25, 2019

ဆရာမတဦးကို လမ်းမပေါ် အဓမ္မပြုကျင့်ရန် ကြိုးစားသည့် ကျောင်းသားအား ဖမ်းဆီး (ရုပ်သံ)

ထိုင်းနိုင်ငံမှာ လမ်းမတခုပေါ် ကျောင်းဆရာမတဦးကို အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့တဲ့ အသက် ၂၀ အရွယ် ကျောင်းသားကို ရဲတွေက ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထိုင်းရတ်သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ ဒီအဖြစ်အပျက်ဟာ နိုင်ငံမြောက်ပိုင်း၊ နန်ခရိုင်ထဲမှာ ဖြစ်ခဲ့ပြီး အနီးနား မျက်မြင်တွေ့ရှိသူတွေရဲ့ အကူအညီကြောင့် ဆရာမဟာ လွတ်မြောက်သွားခဲ့တာလို့ ဆိုပါတယ်။ အဲဒီ ကျောင်းဆရာမလေးဟာ အလယ်တန်းပြ ဆရာမတဦးဖြစ်ပြီး ဇန်နဝါရီ ၂၃ ရက်နေ့ ညနေပိုင်းက တာဝန်ကျတဲ့ ကျောင်းကနေ ဆိုင်ကယ်နဲ့ အိမ်အပြန် ပြန်နေကျလမ်းမှာ ခုလို ကြုံတွေ့ခဲ့ရတာလို့ သတင်းမှာ ဖော်ပြပါတယ်။ တရားခံကျောင်းသားဟာ အဲဒီနေ့က သူ့ရဲ့ ချစ်သူမိန်းကလေးအိမ်ကို သွားခဲ့ပြီး မတွေ့ခဲ့တာကြောင့် ပြန်လာခဲ့တာလို့ ဆိုပါတယ်။ အဲဒီနောက် အပြန်လမ်းမှာတော့ သူဟာ လိင်စိတ်ပြင်းပြနေပြီး ဆွဲဆောင်မှုရှိတဲ့ ဆရာမလေးကို တွေ့ချိန်မှာ စိတ်မထိန်းနိုင်ခဲ့ဘဲ ဆိုင်ကယ်ကိုတားပြီး အဓမ္မပြုကျင့်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ရဲတွေကို ပြောပါတယ်။ သူဟာ ဆရာမလေးကို လမ်းဘေးဆွဲချပြီး အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့ချိန်မှာ မသင်္ကာတဲ့ အနီးနားက မျက်မြင်သက်သေတွေက ကယ်တင်ခဲ့ကြတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ရဲတွေက ကားတစီးရဲ့ ဒက်ရှ်ဘုတ်ကင်မရာနဲ့ စီစီတီဗွီ မှတ်တမ်းတွေကတဆင့် တရားခံကို ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး သူက ပြစ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့ပါတယ်။ ရုပ်သံ - ထိုင်းရတ်
2 years Ago

October 21, 2018

ကျောင်းဆရာမထံမှ ပိုက်ဆံအိတ်လုယူထွက်ပြေးသည့် လူငယ် ၂ ဦးကို ဖမ်းမိ

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့မှာ အောက်တိုဘာ ၂၀ ရက်နေ့ ညနေ ၅ နာရီလောက်က မူလတန်းပြကျောင်းဆရာမတဦးဆီကနေ ပိုက်ဆံအိတ်လုယူ ထွက်ပြေးသွားသူ လူငယ် ၂ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ မြို့မစခန်းမှူးက ပြောပါတယ်။ ဆရာမဟာ ကျန်းမာရေးမကောင်းတာကြောင့် ညနေကျောင်းလွတ်ချိန် ညောင်လေးပင်မြို့မှာ ဆေးဝယ်ယူပြီး ရန်ကုန်-မန္တလေးကားလမ်းဟောင်းအတိုင်း ပိန်းဇလုပ်မြို့ကို ဆိုင်ကယ်မောင်းနှင်ပြီး ပြန်လာချိန် ရဲလှကုန်းကျေးရွာနားအရောက်မှာ လူငယ် ၂  ဦး ဆိုင်ကယ်နဲ့ နောက်ကလိုက်လာပြီး ဆိုင်ကယ်ဘက်မှန်မှာ ချိပ်ထားတဲ့ ပိုက်ဆံအိတ်ကို လုယူထွက်ပြေးသွားခဲ့တာလို့ ဆိုပါတယ်။ လုယူထွက်ပြေးသွားတဲ့ ပဲခူးမြို့နေ အသက် ၁၉ နှစ်အရွယ် ထွန်းထွန်းဝင်း (ခ) ရဲရင့် နဲ့ ကိုဖြိုး (ခ) လှမျိုးကျော်တို့ ၂ ဦးကို အလယ်ရွာကျေးရွာနားမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ညောင်လေးပင် မြို့မစခန်းမှူး ဒုရဲမှူး ဌေးဝင်းက ပြောပါတယ်။ “ဆရာမက အနောက်ကလိုက်ပြီး ပတ်ဝန်းကျင်ကို အကူအညီတောင်းတာကြောင့် အနီးအနားက ပြည်သူတွေ ဝိုင်းလိုက်ကြတယ်။ မလွတ်မှန်းသိတော့ ပိုက်ဆံအိတ်ကို ဗိုလ်ချုပ်ရုတုနားမှာချပြီး ပြေးကြတယ်။ ကျနော်တို့လည်း ပိတ်ဆို့မှုတွေပြုလုပ်ပြီး ပြည်သူတွေနဲ့ လိုက်လံဖမ်းဆီးတာ အလယ်ရွာကျေးရွာနားမှာ ဖမ်းဆီးရမိတယ်” လို့ ပြောပါတယ်။ ထွန်းထွန်းဝင်းနဲ့ ကိုဖြိုးတို့ နှစ်ဦးကို ညောင်လေးပင်မြို့မရဲစခန်းမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၂ နဲ့ အမှုဖွင့်ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ သတင်း၊ဓာတ်ပုံ-နေလင်းထိုက်
2 years Ago
More News
Up