ကျောင်းစာသင်ခန်းအတွင်း စောင့်ကြည့်ကင်မရာ တပ်ဆင်မှုအပေါ် ဝေဖန်မှုများရှိ

October 10, 2017

ကျောင်းစာသင်ခန်းအတွင်း စောင့်ကြည့်ကင်မရာ တပ်ဆင်မှုအပေါ် ဝေဖန်မှုများရှိ

တရုတ်နိုင်ငံမှာ မိဘတွေအနေနဲ့ သူတို့ရဲ့ကလေးတွေ ကျောင်းမှာ ဘယ်လို ကောင်းကောင်းမွန်မွန် လုပ်ဆောင်သလဲဆိုတာ စောင့်ကြည့်နိုင်ဖို့ စာသင်ခန်းတွေမှာ စောင်ကြည့်ကင်မရာတွေ တပ်ဆင်ဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် အဆိုးအကောင်းဒွန်တွဲပြီး ဝေဖန်မှုတွေ ရှိနေပါတယ်။ ကလေးတွေ စာသင်ခန်းတွင်း ဘယ်လိုပြုမူနေကြသလဲဆိုတာ သိနိုင်ဖို့အတွက် စောင့်ကြည့်ကင်မရာတပ်ဖို့ ကျောင်းက ဆုံးဖြတ်ခဲ့တဲ့အကြောင်း ဖခင်တဦးက တရုတ်လူမှုကွန်ရက်မီဒီယာပေါ်မှာ တင်လိုက်တာပါ။ အာတိုင်းလို့ အမည်ရတဲ့ ဖခင်တဦးက “ပြီးခဲ့တဲ့အပတ်မှာ ကျနော့်သားရဲ့ကျောင်းက ပါ့စ်ဝါ့ဒ် (password) ပေးခဲ့ပြီး ယွမ် ၁၀၀ ကောက်ခံခဲ့ပါတယ်။ ဒီနေ့ အဲဒီ အပ်ပ် (app) ကို ကျနော့်ဖုန်းပေါ်မှာ ဒေါင်းလုတ်လုပ်ခဲ့ပြီး ဝင်သုံးနိုင်ခဲ့လို့ ကျနော့်သားရဲ့ စာသင်ခန်းထဲက စောင့်ကြည့်ကင်မရာကို ကြည့်နိုင်ခဲ့ပါတယ်” လို့ တရုတ်လူမှုကွန်ရက် စာမျက်နှာ ဝေဘိုမှာ ရေးသားခဲ့ပါတယ်။ ဖခင်ဖြစ်သူက သူ့အတွေ့အကြုံကို ဆိုးရွားထိတ်လန့်စရာတခုအဖြစ် ဖော်ပြခဲ့ပေမယ့် အမှန်တကယ်က သူ့သားရဲ့အတန်းမှာ သူတို့ဟာ နောက်ဆုံး ပိုက်ဆံပေးသွင်းတဲ့သူ ဖြစ်တယ်လို့ သားဖြစ်သူက ပြောခဲ့ပါတယ်။ မိဘအများစုက စောင့်ကြည့်ကင်မရာကိစ္စကို ထောက်ခံကြပေမယ့် နောက်ဆုံးကျမှ ပိုက်ဆံပေးသွင်းခဲ့တဲ့ဖခင်ရဲ့ သားဖြစ်သူက တကယ်လို့ သူ့ဖခင်သာ ဒီလို သုံးစွဲနိုင်ဖို့ အဖွဲ့ဝင်ကြေး မြန်မြန်မပေးခဲ့ရင် သူဟာ အတန်းထဲမှာ ခွဲခြားဆက်ဆံခံရနိုင်တယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့အပတ်က ဖခင်ဖြစ်သူ လူမှုကွန်ရက်မှာ တင်ခဲ့တာဟာ တရုတ်လူမှုကွန်ရက်စာမျက်နှာ ဝေဘိုပေါ်မှာ ပျံ့နှံ့သွားပြီး ဒီကျောင်းဟာ ကျောင်းသားတွေရဲ့ အခွင့်အရေးဖြစ်တဲ့ ကိုယ်ရေးကိုယ်တာကိစ္စကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး ကလေးတွေကို အကျဉ်းသားတွေလို ဆက်ဆံတာလို့ အင်တာနက်သုံးစွဲသူတချို့က ဝေဖန်ပြောဆိုကြတာပါ။ အွန်လိုင်းမှာပြုလုပ်တဲ့ မဲပေးမှုအရ မိဘ ၆၀ ရာခိုင်နှုန်းဟာ ကျောင်းက စောင့်ကြည့်ကင်မရာ သုံးတဲ့ကိစ္စကို သဘောမတူဘဲ မိဘ ၃ ပုံ ၁ ပုံကတော့ ဆရာတွေနဲ့ သူတို့ရဲ့ ကလေးတွေကို မျက်စိဒေါက်ထောက်ကြည့်နိုင်တဲ့အတွက် ကြိုက်တယ်လို့ ဆိုကြပါတယ်။ တရုတ်နိုင်ငံမှာ သြဇာရှိတဲ့ ဘေဂျင်းနယူးစ်သတင်းစာရဲ့ ဆောင်းပါးတပုဒ်က ဒီသတင်းကို ဝေဖန်လိုက်ပြီးနောက် ကျောင်းတွေက ကင်မရာတချို့ကို ပိတ်သိမ်းသွားစေပေမယ့် တိုက်ရိုက်လွှင့်နေတဲ့ ကင်မရာအတော်များများ ကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။ စာသင်ခန်းတွေထဲ စောင့်ကြည့်ကင်မရာတပ်တာဟာ နည်းနည်း ကိုးရိုးကားယား နိုင်ပေမယ့်လည်း အနည်းဆုံးတော့ ဘွဲ့ရပြီးရင် ကလေးတွေ ဘဝကို ကောင်းကောင်း ချိန်ဆညှိနှိုင်းနိုင်ဖို့အတွက် အထောက်အကူဖြစ်စေမယ်လို့ ရှန်ဟိုင်းရစ်သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
4 years Ago
Up