ကျောက်ကြီးတွင် ၇ လအရွယ် ကလေးတဦး ရေနစ်သေဆုံး

July 30, 2017

ကျောက်ကြီးတွင် ၇ လအရွယ် ကလေးတဦး ရေနစ်သေဆုံး

  ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့ ဆိပ်ကြီးကျေးရွာမှာ ဇူလိုင် ၂၉ ရက် မနက် ၁၁ နာရီလောက်က ၇ လအရွယ် ကလေးငယ်တဦး အိမ်ပေါ်မှပြုတ်ကျပြီး ရေနစ်သေဆုံးမှုတခု ဖြစ်ပွားခဲ့တယ်လို့ ကျောက်ကြီးမြို့မ ရဲတပ်ဖွဲစခန်းက ပြောပါတယ်။ ဖြစ်စဉ်မှာ မိခင်ဖြစ်သူ မပိုပိုက ၇လ အရွယ် သမီးဖြစ်သူ မပိုးကြယ်စင်ကို အိပ်ရာထဲမှာ သိပ်ထားခဲ့ပြီး အပြင်ခဏထွက်သွားချိန် ကလေးငယ်မှာ နေအိမ် ခြေရင်းရှိ ကြမ်းအပေါက်က ထွက်ကျပြီး ရေနစ်သေဆုံးခဲ့တာလို့ ကျောက်ကြီးမြို့မရဲစခန်းက တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။ “ကလေးက ၇ လ၊ မိန်းကလေးပါ။ မအေဖြစ်သူက ကလေးကိုသိပ်ထားခဲ့ပြီး ကလေးအိပ်နေတုန်း အပြင်ကိုခဏသွားချိန်မှာ ဖြစ်သွားတာပါ။ အိမ်အပေါက်ကနေပြုတ်ကြပြီး အိမ်အောက်မှာ ရေရှိနေတော့ အခုလိုဖြစ်သွားတာ စိတ်မကောင်းစရာပါပဲ။ ရေကြီးချိန်ဆိုတော့ လူအများဂရုစိုက်သင့်ပါတယ်။" သေဆုံသူကလေးငယ်မှာ နှုတ်ခမ်းပြာနှမ်း/မျက်လုံးအိမ်မှသွေးထွက် ဒဏ်ရာတွေနဲ့ အခြားပြင်ပဒဏ်ရာမရရှိဘဲ သေဆုံးနေတာကို တွေ့ရှိခဲ့ရတာလို့ ဆိုပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး မပိုးကြယ်စင် သေဆုံးရခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးရခြင်း ဟုတ်/မဟုတ်စစ်ဆေးဖို့ ကျောက်ကြီးမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ်၅/၂၀၁၇ နဲ့အမှုဖွင့်ရေးယူဆောင်ရွက်ထားပြီး သေဆုံးသူရဲ့အလောင်းကို ကျောက်ကြီးမြို့ပြည်သူဆေးရုံကို ပို့ဆောင်ကာစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့  ဆိုပါတယ်။ ကျောက်ကြီးမြို့မှာ ချောင်းရေလျှံမှုကြောင့် ရပ်ကွက်အချို့ရဲ့ နေအိမ်တွေမှာ ရေဝင်ရောက်နေလို့ ကယ်ဆယ်ရေးစခန်းတွေကို ပြောင်းရွှေ့နေထိုင်နေရတဲ့ အိမ်ထောင်စုဝင်တွေလည်း ရှိနေတယ်လို့ သိရပါတယ်။ သတင်း-ကျော်အောင် (ကညွတ်ကွင်း)
4 years Ago
Up