ကျောက်ဖြူတွင်

August 5, 2017

ကျောက်ဖြူတွင် ဦးနှောက်အမြှေးပါးရောင်ရောဂါကြောင့် ကလေး ၂ ဦးသေဆုံး

ကျောက်ဖြူမြို့နယ်၊ ဒိုးမတောင်ရွာက ကလေးနှစ်ဦး ဦးနှောက်အမြှေးပါးရောင်ရောဂါကြောင့် ဆေးရုံမှာ သေဆုံးခဲ့ပြီး ဆက်လက်ဖြစ်ပွားမှု ရှိမရှိ စောင့်ကြည့်နေတယ်လို့ ကျောက်ဖြူခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာရဲလွင်မောင် ကပြောသည်။ ‘‘သေဆုံးသွားတဲ့ ကလေးနှစ်ဦးလုံးကို ကလေးအထူးကုဆရာဝန်ကြီးကတော့ ဦးနှောက်အမြှေးပါးရောင်တယ်လို့ မှတ်ချက်ပေးတယ်။ ဂျပန်ဦးနှောက်ရောင်လည်းဖြစ်နိုင်တယ်။ လက္ခာဏာက နည်းနည်းတော့ကွဲတယ်။ သေဆုံးသွားတဲ့နှစ်ယောက်ကိုတော့ သွေးနမူနာကို မပို့လိုက်ရဘူး။ သံသယဖြစ်ဖွယ်ရှိတဲ့ သုံးယောက်ရဲ့သွေးနမူနာကိုတော့ ရန်ကုန်အမျိုးသား ကျန်းမာရေးဓာတ်ခွဲခန်းကို ပို့ထားတယ်’’ လို့ ဒေါက်တာရဲလွင်မောင် ကပြောသည်။ ကျောက်ဖြူဆေးရုံမှာ ဦးနှောက်အမြှေးပါးရောင်ရောဂါနဲ့ ဇူလိုင် ၂၉ ရက်နေ့က အသက် ၄ နှစ် မိန်းကလေးတဦးနဲ့ သြဂုတ် ၂ ရက်က အသက် ၇ နှစ် ယောက်ျားကလေးတစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ ကလေးငယ်နှစ်ဦး သေဆုံးပြီးနောက် ဆေးရုံမှကျန်းမာရေးအဖွဲ့က သြဂုတ် ၂ ရက်နေ့မှာ ဒိုးမတောင်ကျေးရွာကို သွားရောက်ခဲ့ပြီး ဆေးကုသမှုနဲ့ ကျန်းမာရေးပညာပေးဟောပြောပွဲတွေလည်း ပြုလုပ်ခဲ့သည်။ ‘‘ရွာကိုရောက်တဲ့အချိန်မှာ သွေးလွန်တုပ်ကွေး၊ ငှက်ဖျားတို့ကို စစ်ဆေးခဲ့တယ်။ ဆေးကုသမှုတွေ လုပ်ခဲ့တယ်။ ရွာမှာ ဖျားနေတဲ့လူကတော့ သုံးလေးငါးယောက်လောက်တော့ တွေ့ခဲ့တယ်။ အပူချိန်ကလည်း ၉၉ လောက်ပဲရှိပါတယ်။ ဆက်ဖြစ်လားမဖြစ်လားဆိုတာကို သားဖွားဆရာမနဲ့ ကျန်းမာရေးကြီးကြပ် ၂ ကို စောင့်ကြည့်ခိုင်းထားတယ်’’ လို့ ဒေါက်တာရဲလွင်မောင်က ပြောပါတယ်။ ကျောက်ဖြူမှာ H1N1 ရောဂါနဲ့ပတ်သက်ပြီး အသိပညာပေးဟောပြောပွဲ ပြုလုပ်နေပြီး အထက (၁)၊ အထက(၂)၊ အလက(၄) နဲ့ ဂုံးချိန်ကျောင်းတွေမှာ အသိပညာပေးတာတွေ ပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေတာနဲ့ ဗီနိုင်းစိုက်ထူတာတွေကို ပြုလုပ်နေပါတယ်။
4 years Ago

July 6, 2017

ကျောက်ဖြူတွင် မသင်္ကာသူတဦးကို စစ်ဆေးရာ မူးယစ်ဆေးဝါးများဖမ်းမိ

ကျောက်ဖြူမြို့တွင် ရဲမှ ကင်းလှည့်နေစဉ် ဇူလိုင် ၆ ရက် မနက် ၅ နာရီလောက်က ကျောက်ဖြူ အဝေးပြေးကားဝင်းအတွင်း မသင်္ကသာသူတဦးကို စစ်ဆေးမေးမြန်းရာ WY စာတန်းပါ မူးယစ်ဆေးဝါးတွေ ဖမ်းမိခဲ့ပါတယ်။ ကျောက်ဖြူမြို့မရဲစခန်း တာဝန်ရှိသူတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးအချို့ ကင်းလှည့်နေစဉ် အဝေးပြေးကားဝင်း အောင်သစ္စာကားဂိတ်အနီးမှာ မသင်္ကာဖွယ်လူငယ်တစ်ဦးကို စစ်မေးရာ ကျောပိုးအိတ်အတွင်းမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၁၉၈)ပြားပါ(၂)ထုပ်၊ (၁၉၅)ပြားပါ(၁)ထုပ်နဲ့ မြန်မာကျပ်ငွေ ၁၅၀၀၀၀ ကျပ် ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးခံရသူမှာ မြေပုံမြို့နယ်၊ ချောင်းကျကျေးရွာနေထိုင်သူ မောင်အေးနိုင်(ခ)ချက်ကြီး ဖြစ်ကြောင်း သိရပါတယ်။ မောင်အေးနိုင်(ခ)ချက်ကြီးအား ဆက်လက်စစ်ဆေးခဲ့ရာ အဆိုပါ မူးယစ်ဆေးဝါးတွေကို လွန်ခဲ့တဲ့ ၁ လလောက်က ကျောက်ဖြူမြို့၊ င/လပွေ့ကျေးရွာနေထိုင်သူ ထွန်းထွန်းအေးနဲ့ တရုတ်နိုင်ငံ၊ ကြယ်ခေါင်မြို့ရှိ အမည်မသိ တရုတ်အမျိုးသားတဦးထံမှ WY စာတန်းပါ ဆေးပြား (၂၀၀) ပြားပါ (၁)ထုပ်လျှင် မြန်မာကျပ်ငွေ (၄၀၀၀၀) ကျပ်နုန်းနဲ့ စုစုပေါင်း(၆၀၀)ပြား ယူဆောင်လာခဲ့တာလို့ ထွက်ဆိုကြောင်း ကျောက်ဖြူမြို့မရဲစခန်းမှ အရာရှိတစ်ဦးက ပြောပါတယ်။ မူယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူ မောင်အေးနိုင်(ခ)ချက်ကြီးနှင့် ကွင်းဆက်တရားခံ ထွန်းထွန်းအေးတို့အား ကျောက်ဖြူမြို့မရဲစခန်း မယ(ပ) ၄/၁၇မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့်အရေးယူထားပြီး အမှုအား ဒုရဲအုပ် အောင်မင်းသန်းမှ စစ်ဆေးနေပြီး ထွန်းထွန်းအေးအား ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေကြောင်း သိရပါတယ်။
4 years Ago
More News
Up