ကျောက်တောင်ပေါ် ခြယ်မှုန်းထားသည့် အချစ်ပန်းချီကား လူမှုကွန်ရက်တွင် အငြင်းပွား

A d v e r t i s e m e n t With Us

October 16, 2016

ကျောက်တောင်ပေါ် ခြယ်မှုန်းထားသည့် အချစ်ပန်းချီကား လူမှုကွန်ရက်တွင် အငြင်းပွား

တရုတ်အမျိုးသမီးတဦးဟာ သူမ အလွန်အမင်း စွဲလမ်းနှစ်သက်နေတဲ့ အမျိုးသားရဲ့ ပုံတူပန်းချီကားကြီးကို ကျောက်တောင်နံရံပေါ်မှာ ဆွဲခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး တရုတ်လူမှုကွန်ရက်မှာ ဝေဖန် ငြင်းခုံနေကြပါတယ်။ ဒီဖြစ်ရပ်က လူမှုကွန်ရက် သတင်းတွေမှာ ပျံ့နှံ့နေပြီး ဒီလို ပုံမှန်မဟုတ်တဲ့ အံ့သြလေးစားစရာ ဖော်ပြမှုက လူမှုကွန်ရက်မှာ စိတ်လှုပ်လှုပ်ခတ်ခတ်နဲ့ ငြင်းခုံဆွေးနွေးတဲ့အထိ ဖြစ်နေပါတယ်။ ပန်းချီရေးဆွဲခဲ့သူ အသက် ၃၀ နှစ်အရွယ် လင်းလင်းအမည်ရ အမျိုးသမီးတောင်တက်သမားဟာ သူမအနေနဲ့ သူမရဲ့ အမှန်တကယ် စိတ်ခံစားချက်ကို ထုတ်ဖော်မပြောချင်ဘူးလို့လည်း ဒေသခံသတင်းဌာနတွေကို ပြောခဲ့ပါတယ်။ လင်းလင်းက တရုတ်နိုင်ငံ ရေဒီယိုသတင်းဌာန FM 93 ကို သူမ ဒီနံရံဆေးရေး ပုံတူပန်းချီကားကို ဆွဲခဲ့တာ ၂ လကျော်ကာလအတွင်း အားလပ်ရက်တွေမှာ ဆွဲခဲ့ကြောင်း၊ တရုတ်ပြည်အရှေ့ဘက် ဇီချွမ်အမျိုးသားပန်းခြံက ကျောက်တုံးကြီးတတုံးပေါ်မှာ ဒီပုံတူပန်းချီကားကို ဆွဲခဲ့တာဖြစ်ကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။ သူမက ပန်းချီကားကို မနက်အစောကြီး ၃ နာရီမှာ စတင်ဆွဲခဲ့တာဖြစ်ပြီး နာရီတော်တော်ကြာခဲ့တယ်လို့ ဆိုပါတယ်။ ဒီပုံတူထဲက အမျိုးသားက ဘယ်သူလဲဆိုတော့ လင်းလင်းက “ကျမက သူ့အပေါ်မှာ စိတ်ခံစားချက် ပြင်းတယ်။ ဒါပေမယ့် သူကတော့ ကျမရဲ့မေတ္တာကို မတုံ့ပြန်ပါဘူး။ သူ့ကို ကျမက အားလပ်ရက်တိုင်းမှာ အခြားကျောက်တောင်တတောင်ပေါ် တက်ဖို့ အဖော်စပ်တိုင်း သူက တောင်ပေါ်ကယ်ဆယ်ရေးကိစ္စနဲ့ သင်တန်းပေးနေရတာနဲ့ အလုပ်အမြဲရှုပ်နေတယ်”လို့ FM 93 ရေဒီယိုသတင်းဌာနကို ပြောပါတယ်။ ပန်းချီကားထဲက အမျိုးသားဟာ တောင်တက်သမား အသိုင်းအဝိုင်းမှာ လေးစားရတဲ့ တောင်တက်သမားတဦး ဖြစ်တယ်လို့လည်း ဖြည့်ပြောခဲ့ပါတယ်။ ၇ မီတာလောက် အမြင့်ရှိတဲ့ ဒီပုံတူပန်းချီကားကို အခြားတောင်တက်သမားတွေက တွေ့ပြီး ဓာတ်ပုံရိုက်၊ ဓာတ်ပုံကို လူမှုကွန်ရက်မှာ ဖြန့်ခဲ့လို့ အကြီးအကျယ် လူသိများခဲ့တာပါ။ တချို့ဆိုရှယ်မီဒီယာ သုံးစွဲသူတွေကလည်း “အချစ်ကို ကျောက်သားနံရံတွေပေါ် ခြယ်မှုန်းခြင်း”၊ “ခင်ဗျားကို အရမ်းလေးစားပါတယ်၊ အင်မတန်ကောင်းတဲ့လက်ရာပါ”၊ “နောင်နှစ် ရာနဲ့ချီလာတဲ့အခါ ဒါက ရှေးဟောင်းမှတ်တိုင်တခု ဖြစ်လာမယ်” ဆိုပြီး ဒီပုံကို ဆက်ထားသင့်တယ်လို့ ပြောနေကြသလို အချို့တွေကလည်း သူမ ဒီလို ဆွဲထားတဲ့ပုံကို ခွင့်မပြုသင့်ဘူး၊ သူမဟာ သဘာဝအလှအပကို ဖျက်ဆီးခဲ့လို့ တရားစွဲခံရသင့်တယ်၊ ပုံကို ဖျက်သင့်တယ်လို့လည်း ပြောဆိုပြီး အငြင်းအခုံ ဖြစ်နေတာပါ။ တရုတ်နိုင်ငံ သတင်းဌာနတော်တော်များများမှာလည်း ပုံကို ဆက်ထားသင့်၊ ဒါမှမဟုတ် ဖျက်သင့်သလားဆိုပြီး မေးခွန်းတွေ မေးထားပါတယ်။ ဝီချက်ဝက်ဘ်ဆိုဒ်ရဲ့စစ်တမ်းမှာ ၈၃ ရာခိုင်နှုန်းက ပုံကို ဆက်ထားသင့်တယ်လို့ ပြောပြီး ဝီဘိုစစ်တမ်းမှာတော့ ၇၅ ရာခိုင်နှုန်းက ဒီပုံကို ဖျက်သင့်တယ်လို့ ပြောထားပါတယ်။ ပန်းခြံအာဏာပိုင်တွေကလည်း ဒီပန်းချီကား ဆက်ရှိသင့်တယ်လို့ ဆုံးဖြတ်ခဲ့ပေမယ့် သဘာဝအလှအပတွေ မပျက်စီးဖို့ ပညာရှင်တွေရဲ့ အကြံပြုချက်အရ ကျောက်တုံးပေါ်က ပန်းချီကားကို စနစ်တကျဖျက်သွားမယ်လို့ သတင်းထုတ်ပြန်ပြောကြားလိုက်ပါတယ်။ ပုံတူပန်းချီဆွဲသူ လင်းလင်းကလည်း ဒီပုံတူကို တောင်နံရံမှာ အမြဲရှိစေချင်ပေမယ့် ဆက်ရှိနေဖို့ ဆန္ဒပြနေမှာ မဟုတ်ဘူး။ ဒီပန်းချီကားက သူနဲ့ပတ်သက်ပြီး ကျမရဲ့အမှတ်တရပါ။ အကယ်၍ အာဏာပိုင်တွေက ကျမကို ပန်းချီကားဖျက်ဖို့ ပြောလာရင် ကျမ အမြန်ဖျက်ပေးလိုက်မှာပါလို့ ပြောခဲ့ကြောင်း သိရပါတယ်။  
4 years Ago
Up