ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့များကြား စစ်ရေးတင်းမာမှုတွေကြောင့် ရှမ်းပြည်နယ်၊ ကျောက်မဲနဲ့ သီပေါမြို့တို့မှာ စစ်ပြေးဒုက္ခသည် ၁၆၀၀ ခန့် ရောက်ရှိနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ကုလအဖွဲ့ဝန်ထမ်းများဟာ အဲ့ဒီဒေသတွေကို သွားရောက်ခဲ့ကြပြီး မေလ ၁၀ ရက်မှာ သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
စစ်ပြေးဒုက္ခသည်တွေဟာ ကျောက်မဲနဲ့ သီပေါမြို့များကို မေလ ၇ ရက်နဲ့ ၈ ရက်တို့မှာ ရောက်ရှိလာကြပြီး မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများမှာ ခိုလှုံနေထိုင်နေကြပါတယ်။
အစိုးရ ကယ်ဆယ်ရေးဌာနနဲ့ ကြက်ခြေနီအသင်းတို့က လိုအပ်တာတွေ ကူညီပံ့ပိုးပေးထားတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နဲ့အဖွဲ့ဟာ မေ ၉ ရက်က စစ်ပြေးဒုက္ခသည်တွေနဲ့ တွေ့ဆုံပြီး အလှူငွေ လှူဒါန်းတယ်၊ အားပေးစကား ပြောခဲ့တယ်လို့ အစိုးရသတင်းတရပ်မှာ ဖော်ပြထားပါတယ်။
5 years Ago