ကျောက်မဲ

November 30, 2018

ကျောက်မဲတွင် နွားတင်ယာဉ်တန်းအပစ်ခံရ၊ လူ ၃ ဦးဒဏ်ရာရ

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင်ထဲမှာ မနေ့ညက နွားတွေတင်ဆောင်လာတဲ့ ယာဉ်တန်းကို လက်နက်ကိုင်အဖွဲ့တဖွဲ့က ပစ်ခတ်ခဲ့လို့ လူ ၃ ဦး ဒဏ်ရာရသွားပါတယ်။ ကျောက်မဲ- မန္တလေးသွား ပြည်ထောင်စုလမ်းမကြီးပေါ်မှာ နိုဝင်ဘာ ၂၉ ရက်ည ၉ နာရီကျော်လောက်က နွားတင်ယာဉ်တန်းမှ ရှေ့ဆုံးကား ၁ စီး အပစ်ခံရတာဖြစ်ပြီး ဒဏ်ရာရသူတွေကို ကျောက်မဲဆေးရုံ ပို့ဆောင်ပေးခဲ့တယ်လို့ ကျောက်မဲ ဇီဝိတဒါန လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက ဒီဗွီဘီကို ပြောပါတယ်။ “ဖြစ်တဲ့နေရာကတော့ ကျောက်မဲနဲ့ ၆ မိုင်လောက်ဝေးတဲ့ ပေါက်အင်းလေးရွာ လမ်းခွဲမှာပါ။ ကုန်တင်ကား ၅ စီးက နွားတွေတင်လာတာ၊ ရှေ့ဆုံး ၁ စီးအပစ်ခံရပြီးတော့ အဲဒီမှာ လုံခြုံရေးယူတဲ့ တပ်မတော်သားတွေနဲ့ အမည်မသိ လက်နက်ကိုင်အဖွဲ့ တိုက်ပွဲဖြစ်တယ်။ ပစ်ခတ်မှုက တော်တော်လေးများပါတယ်။ လက်နက်ကိုင်အဖွဲ့က နောက်ဆုတ်သွားပြီး အခြေအနေငြိမ်တော့မှ ဒဏ်ရာရသူတွေ သွားခေါ်ရတယ်။ ဒဏ်ရာရတာက ၃ ယောက်ပေါ့။ သူတို့ ကျည်ဆန်က ပါးကိုဖောက်ဝင်တာရှိတယ်၊ တင်ပါးနဲ့ ခြေထောက်တွေမှာလည်း ထိတယ်၊ အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး။” ဒဏ်ရာရသူ ၃ ဦးကတော့ ယာဉ်မောင်း ဦးသန်းတင်၊ ယာဉ်နောက်လိုက် ကိုငယ်လေး နဲ့ ဦးမောင်မောင်တို့ ဖြစ်ပါတယ်။ ကျောက်မဲခရိုင်ထဲမှာ အရင်က နွားတွေ သယ်ဆောင်မယ်ဆိုရင် လက်နက်ကိုင်အဖွဲ့တွေကို ဆက်ကြေးပေး မှောင်ခိုသယ်ဆောင်ကြရတာပါ။ မနှစ်ကတော့ အစိုးရက အခွန်ဆောင်ခိုင်ပြီး နွားတွေ တရားဝင်သယ်ဆောင်ခွင့်ပြုလိုက်တာကြောင့် နွားကုန်သည်တွေဟာ တရားဝင်   လမ်းကြောင်းကနေ သယ်ဆောင်ကြပေမယ့် အခုလိုချောင်းမြောင်းပစ်ခတ်တာကို အမြဲခံနေရတယ်လို့ ဦးတင်မောင်သိန်းက ပြောပါတယ် ဓာတ်ပုံ - Tin Maung Thein    
2 years Ago

November 12, 2018

ကျောက်မဲမြို့နယ်တွင် ရွာသူ ၂ ဦး မိုင်းထိပြီး ၁ ဦးသေဆုံး ၁ ဦးဒဏ်ရာရ

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့နယ်ခွဲ၊ ခုံငင်းကျေးရွာအနီးမှာ မနေ့ မနက်က မြေမြှုပ်မိုင်း ပေါက်ကွဲပြီး  ရွာသူ ၁ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။ ခုံငင်းရွာသူတစုဟာ ရွာကနေ ဆိုင်ကယ်စီးပြီး  မြေလမ်းအတိုင်းထွက်ခွာလာစဉ် ဆိုင်ကယ် ၁ စီးက မိုင်းထိမိလို့ ဒဏ်ရာရသူ ၂ဦးကို ကနဦး ကျောက်မဲဆေးရုံကို ပို့ဆောင်ခဲ့ရပြီး ၁ ဦးက ဒဏ်ရာပြင်းထန်လို့  မနေ့ညက မန္တလေးဆေးရုံကြီးဆီ ဆက်လက်ပို့ဆောင်ခဲ့ရပါတယ်။ ဒါပေမယ့် ဆေးရုံရောက်ပြီး မကြာခင်မှာ တဦးသေဆုံးသွားတယ်လို့ ဒဏ်ရာရသူတွေကို ကျောက်မဲဆေးရုံမှာ သွားရောက်ကြည့်ရှုခဲ့တဲ့ ကျောက်မဲမြို့ ဇီဝိတလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးတင်မောင်သိန်းက ပြောပါတယ်။ “မိန်းကလေး ၂ ယောက်စီးလာတဲ့ ဆိုင်ကယ်က မိုင်းထိတာ၊ ဆိုင်ကယ်မောင်း လာတာက နန်းငွေခိုင် (အသက် ၂၀) နှစ် ဘယ်ဘက်လည်ပင်း၊ ဘယ်ဘက်လက်မောင်းနဲ့ ဘယ်ဘက်ပေါင်မှာ မိုင်းစ စိုက်ဝင်တဲ့ ဒဏ်ရာတွေရတယ်။ နောက်တယောက်က မခမ်းရင် အသက် (၂၀)၊ သူကတော့ ခေါင်းရဲ့ဘယ်ဘက်မှာ တချက်၊ လည်ပင်းရဲ့ ညာဘက်မှာ ၁ ချက်၊ ဘယ်ဘက်လက်မောင်းမှာ ၁ ချက်၊ ၀မ်းဗိုက်ရဲ့ ဘယ်ဘက်မှာလည်း ဖောက်ဝင်သွားတယ်။ ဆေးရုံမှာ ကျနော်သွားကြည့်တာ အခြေအနေဆိုးနေတယ်။ အဲဒါ မနေ့ညက တအာင်းလူငယ်အဖွဲ့က မန္တလေးဆေးရုံကို ခေါ်သွားတယ်တဲ့။ ဒီမနက် ကျနော်သိရတာတော့ မိန်းကလေးက ဆေးရုံရောက်ပြီး မကြာဘူး ဆုံးသွားပြီလို့ပြောတယ်။ နာရေးကိစ္စ လိုအပ်တဲ့အကူအညီပေးဖို့ လုပ်နေပါတယ်။” မိုင်းထိရွာသူ ၂ ဦးမှာ ပလောင်တိုင်းရင်းသူတွေဖြစ်ပြီး ပေါက်ကွဲခဲ့တဲ့ မိုင်းဟာ RCSS/SSA ရှမ်းတပ်က မြှုပ်ထားတာ ဖြစ်တယ်လို့ TNLA ပလောင်တပ်ဖွဲ့က မနေ့က ထုတ်ပြန်ထားပါတယ်။ RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းငင်းကတော့ သူတို့တပ်ဖွဲ့ဟာ ပြည်သူလူထု ထိခိုက်နစ်နာစေတဲ့ ဆောင်ရွက်ချက် လုံးဝမပြုလုပ်ဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။ “လူထုကို ထိခိုက်နစ်နာစေမယ့် အပြုအမူ ဆောင်ရွက်ချက်တွေကို ကျနော်တို့ လုံးဝမလုပ်ပါဘူး။ တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ကျနော်တို့ တပ်ဖွဲ့ဝင်တွေကို တားမြစ်ထားပါတယ်။ သူတို့ပြောသလို လုံးဝမဟုတ်ပါဘူး။ ဒါဟာ RCSS ကို လူထုက အထင်အမြင်လွဲအောင် ထင်ယောင်ထင်မှားဖြစ်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ မီဒီယာအသုံးပြု အပုပ်ချတဲ့နည်းလို့ပဲ မြင်ပါတယ်။ ဒေသခံလူထုကိုယ်တိုင် အသိဆုံးပါ။ ဘယ်သူက လူထုကို ကာကွယ်စောင့်ရှောက်သလဲ၊ ဘယ်သူက အဖျက်အမှောင့် လုပ်ငန်းတွေ လုပ်နေတာလဲဆိုတာ။ ဒီလိုအခိုက်အတန့် နှစ်ဖက်တွေ့ဆုံဆွေးနွေးဖို့ နည်းလမ်းရှာချိန်မှာ အခုလို သူတို့ဘက်က အခြေအမြစ်မရှိတဲ့ သတင်းထုတ်လိုက်တော့ ယုံကြည်မှုကို ထိခိုက်စေပါတယ်။” အဲဒီနေရာတ၀ိုက်မှာ  လွန်ခဲ့တဲ့ ၂ လလောက်က  PSLF/TNLA နဲ့ RCSS/SSA တို့ တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်တလှည့်စီ လှုပ်ရှားသွားလာနေတယ်လို့  ဒေသခံတွေက ပြောပါတယ်။
2 years Ago
More News
Up