ကျောက်မီးသွေးတွင်း

July 2, 2019

ပိုလန်တွင် ငလျင်ကြောင့် ကျောက်မီးသွေးတွင်းလုပ်သား ၃ ဦး သေဆုံး

ပိုလန်နိုင်ငံက ကျောက်မီးသွေးတွင်းတခုမှာ ဇူလိုင် ၁ ရက်နေ့က ငလျင်လှုပ်ပြီးနောက် လုပ်သား ၃ ယောက် သေဆုံးခဲ့တယ်လို့ အဲဒီကျောက်မီးသွေးတွင်းပိုင်ရှင်  PGG ကုမ္ပဏီကပြောပါတယ်။  ဒါဟာ အခုနှစ်အတွင်း ပိုလန်နိုင်ငံရဲ့ ကျောက်မီးသွေးတွင်း လုပ်ငန်းကဏ္ဍမှာ လူအသေအပျောက်အများဆုံး မတော်တဆမှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။  ခါတိုဝီဆာမြို့က အဲဒီကျောက်မီးသွေးတွင်းမှာ တနင်္လာနေ့ မွန်းလွဲပိုင်းက မဂ္ဂနီကျုဒ့် ၂ ဒဿမ ၆၆ အင်အားရှိတဲ့ မြေငလျင်တခု လှုပ်ခတ်ခဲ့ပါတယ်။  အခင်းဖြစ်တဲ့နေရာမှာ လုပ်သား ၉ ယောက်ရှိခဲ့ပြီး အဲဒီထဲက ဒဏ်ရာရတဲ့ လုပ်သား ၆ ယောက်ကို ဆေးရုံပို့ပေးခဲ့တယ်လို့ PGG ကုမ္ပဏီ တာဝန်ရှိသူတယောက်က ပြောပါတယ်။ အခြေအနေ အသေးစိတ်ကိုတော့ သူက ဆက်မပြောခဲ့ပါဘူး။  ပိုလန်နိုင်ငံဟာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးဖို့ ကျောက်မီးသွေးကို အဓိက အားထားနေရဆဲပါ။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်တွေမှာ ရင်းနှီးမြှုပ်နှံမှု ကျဆင်းလာတာနဲ့ ကုန်ကျစရိတ်လျော့ချဖို့ ကြိုးစားတာတွေကြောင့် ကျောက်မီးသွေး ထုတ်လုပ်မှု ပမာဏလည်း လျော့ကျလာခဲ့ပါတယ်။  ပြီးခဲ့တဲ့နှစ်က ပိုလန်နိုင်ငံရဲ့ သတ္တုတွင်း မတော်တဆမှုတွေအတွင်း သတ္တုတွင်းလုပ်သား စုစုပေါင်း ၂၁ ယောက်အထိ သေဆုံးခဲ့တယ်လို့ တရားဝင် အချက်အလက်တွေက ဖော်ပြပါတယ်။
2 years Ago

May 20, 2019

ကလေးဝတွင် ကျောက်မီးသွေးတွင်းပေါက်ကွဲ၊ ၆ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ ကျောက်အုံကျေးရွာအနီး ထူးဟန်သစ် ကုမ္ပဏီက တူးဖော်ထုတ်လုပ်နေတဲ့ ကျောက်မီးသွေးတွင်းမှာ မေ ၁၉ ရက် ညနေက ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် လုပ်သား ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူတွေကို ကလေးဝပြည်သူ့ဆေးရုံ ပို့ဆောင်ထားပြီး အဲဒီထဲက တရုတ်နိုင်ငံသား ၁ ဦးနဲ့ မြန်မာနိုင်ငံသား ၁ ဦးကတော့ စိုးရိမ်ရလို့ ကလေးမြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ “မနေ့က ညနေ ၄ နာရီလောက်ကပေါ့ အုံးခနဲအသံနဲ့အတူ မီးတောက်ပါ ပါလာတာ။ ပြေးချိန်မရလိုက်ဘူး။ ဘာကြောင့်ဖြစ်တယ်ဆိုတာလည်း မသိဘူး။ ခြေထောက်၊ လက်၊ မျက်နှာတွေမှာ မီးလောင်၊ မီးဟပ်ဒဏ်ရာရတာပေါ့။ ကျန်တဲ့ ၄ ယောက်က ကျနော့်ထက်ဆိုးတယ်။ သူတို့က တကိုယ်လုံး။ ကျင်းက ပေ ၅၀၀ ကျော်ရှည်မယ်။ အကျယ်က ၈ ပေလောက်ရှိတယ်။ အမြင့်က ၇ ပေလောက်ပေါ့။ အထဲမှာ မီးသွေးသယ်တဲ့ သံလမ်း ၂ ခုရှိတယ်။ ဖြစ်တဲ့နေရာနဲ့ကျနော်နဲ့က ၁၅ ကိုက်လောက် ရှိမယ်ထင်တယ်” လို့ ကလေးဝဆေးရုံမှာ ဆေးကုသမှု ခံယူနေတဲ့ ကိုစိုးအောင်က ပြောပါတယ်။ ထူးဟန်သစ်ကုမ္ပဏီက ကျောက်မီးသွေးထုတ်လုပ်ခွင့်ရရှိထားတဲ့ မြန်မာ့စီးပွားရေးဦးပိုင် အများနဲ့သက်ဆိုင်တဲ့ ကုမ္ပဏီနဲ့ ထပ်ဆင့်စာချုပ် ချုပ်ဆိုကာ လုပ်ကိုင်နေတာဖြစ်ပါတယ်။ ကလေးဝမြို့နယ်အတွင်း ပလူဇဝ၊ သစ်ချောက်၊ ယောစု၊ ကျောက်အုံ စတဲ့နေရာတွေမှာ  မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သော ထွန်းသွင်၊ ထူး၊ မက်(စ်)မြန်မာ၊ ရွှေတောင် စတဲ့ ကုမ္ပဏီကြီးတွေအပါအဝင် ကုမ္ပဏီ ၁၀ ခုက ကျောက်မီးသွေးတူးဖော်နေကြတာပါ။ အခုပေါက်ကွဲမှုဖြစ်တဲ့ ထူးဟန်သစ်ကုမ္ပဏီက ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလအတွင်းကလည်း ကျင်းအမိုးပြိုကျလို့ ကျင်းသားတဦး သေဆုံးမှုဖြစ်ပေါ်ခဲ့သလို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်းကလည်း ကျင်းထဲမှာ အောက်ဆီဂျင်ပြတ်ကာ ကျင်းသား ၁ ဦးသေဆုံး ခဲ့သေးတယ်လို့ သိရပါတယ်။ ပေါက်ကွဲမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကလေးဝမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ်၊ ရဲတို့ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
2 years Ago
More News
Up