ကျောက်ထွင်းထုစေတီ

A d v e r t i s e m e n t With Us

December 5, 2016

မြောက်ဦးက ကျောက်ထွင်းထုစေတီများကို နိုင်ငံခြားသားများစိတ်ဝင်စား

ရခိုင်ပြည်နယ် မြောက်ဦးက ကျောက်တုံးနဲ့ ထွင်းထုတည်ဆောက်ထားတဲ့ စေတီပုထိုးတွေကို နိုင်ငံခြားသားတွေ စိတ်ဝင်စားလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြောက်ဦးမြို့မှာတည်ဆောက်ထားတဲ့ စေတီပုထိုးအများစုဟာ အုတ်တွေနဲ့ ထုလုပ်ထားတာ မဟုတ်ဘဲ ရှေးဟောင်း လက်ရာကျောက်သားတွေကို ထွင်းထုထားတဲ့အတွက် ထူးခြားတဲ့ အမွေအနှစ်တခု ဖြစ်နေတာပါ။ မြောက်ဦးမြို့မှာ သမိုင်းဝင်စေတီပေါင်း ၁၅၀၀ ကျော်ရှိပြီး ကျောက်ထွင်းထုတည်ထားတဲ့ စေတီပုထိုးတော်တွေအနက် ထင်ရှားတဲ့စေတီတွေကတော့ သျှစ်သောင်း ပုထိုးတော်ကြီး၊ ကိုးသောင်း ပုထိုးတော်ကြီး၊ ထုက္ကံသိမ် ပုထိုးတော်ကြီး၊ အံတော်သိမ်၊ လေးမျက်နှာ ပုထိုးတော်ကြီးတို့ ဖြစ်ကြပါတယ်။ သမိုင်းမှတ်တမ်းတွေအရတော့ မြောက်ဦးမြို့ဟာ မြောက်ဦး မင်းဆက်ကို စတင်ခဲ့တဲ့ မင်းစောမွန်က စတင် တည်ထောင်ခဲ့တာဖြစ်ပြီး ကုလားတန်မြစ်နဲ့ လေးမြို့မြစ်ကြား၊ တောင်ကြော၊ တောင်စွယ်တွေကို နောက်ခံထားလျက် မဟာဗျူဟာကျကျ တည်ဆောက်ထားတာပါ။ ၁၈ ရာစုနှစ်မှာ ဘင်္ဂလားပင်လယ်အော်ရဲ့ အရေးအပါဆုံး ဆိပ်ကမ်းတခုဖြစ်ခဲ့ပြီး ပေါ်တူဂီ၊ နယ်သာလန်၊ အာရေဗီးယား၊ ပါရှား၊ အိန္ဒိယနိုင်ငံတွေနဲ့ ဆန်စပါး၊ ချည်မျှင်၊ ပတ္တမြား၊ ဆင်၊ ကျေးကျွန်၊ မြင်း၊ ဆင်စွယ်နဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ ကုန်သွယ်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိကာလမှာ မြောက်ဦးမြို့ကို ရန်ကုန်-အမ်း-စစ်တွေ ကားလမ်းကြောင်း၊ ရန်ကုန်-စစ်တွေ လေယာဉ်လမ်းကြောင်းကနေ သွားရောက်နိုင်ပေမယ့်လည်း ခရီးစဉ်လွယ်ကူခြင်းမရှိတဲ့အတွက် ပုဂံညောင်ဦးထက် နိုင်ငံခြားသားလာရောက်တာ နည်းတယ်လို့ ဒေသခံ ဧည့်လမ်းညွှန်တွေက ပြောပါတယ်။ ဓာတ်ပုံ - ထွန်းထွန်းသိန်း
4 years Ago
Up