ကျောက်တံခါးမြို့နယ်

May 1, 2018

ကျောက်တံခါးမြို့နယ်တွင် သိမ်းဆည်းမြေပြန်ရရေး ကြံစိုက်တောင်သူများ ဆန္ဒပြ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်ထဲက ကြံစိုက်တောင်သူအင်အား ၁၀၀ လောက်ဟာ အမြန်လမ်းဖောက်လုပ်စဉ်က သိမ်းဆည်းခံခဲ့ရတဲ့လယ်မြေတွေပြန်ရရှိရေးအတွက် ဒီနေ့မနက်က အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၉၅ မိုင်မှ ၁၀၅ မိုင်အထိ လမ်းလျှောက် ဆန္ဒပြကြတောင်းဆိုကြပါတယ်။ အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၉၅ မိုင်မှ ၁၀၅ ကြားရှိ ကြံစိုက် တောင်သူတွေရဲ့ မြေယာဧက ၃၀၀၀ ကျော်ကို အရင်အစိုးရလက်ထက်မှာ စက်မှု ၁ ဝန်ကြီးဌာန၊ ကုမ္ပဏီအချို့နဲ့ လုပ်ငန်းရှင်တွေက ဥပဒေမဲ့ သိမ်းဆည်းခဲ့ပြီး အခုအချိန်အထိ နစ်နာကြေး တစုံတရာ မပေးတဲ့အတွက် သူ့တို့ရဲ့မြေယာတွေကို ပြန်လည်လုပ်ကိုင်ခွင့်ပြုရေး သို့မဟုတ် နစ်နာကြေးပေးဖို့ အတွက် ဆန္ဒပြတာလို့ ဆန္ဒပြသူ တဦးက ဒီဗွီဘီကိုပြောပါတယ်။ ဆန္ဒပြရာမှာပါဝင်တဲ့ ဦးအောင်ကြည်က “ကျနော် စိုက်ပျိုးခဲ့တဲ့ ကြံစိုက်ဧက ၁၉ ဧကပါ။ ၁၉၉၆ ခုနှစ်မှာ မြေရိုင်းဖော်ခဲ့ပါတယ်။ ဒီအမြန်လမ်းကြီးဖောက်တော့ အမြန်လမ်းကို တာဝန်ယူ ဖောက်တဲ့သူတွေက လမ်းဘေးကတဲတွေဟာ လုပ်ငန်းခွင်မှ အနှောင့်အယှက်ရှိ တယ်ဆိုပြီး ဖယ်ခိုင်းပါတယ်။ ဒါကြောင့် ကျနော်တို့အကွက်တွေကို မလုပ်နိုင်ခဲ့ပါဘူး။ အမြန်လမ်းပြီးလို့ ပြန်လာချိန်မှာ အခုကျနော်တို့နေရာတွေကို သိမ်းထားပါပြီ။ အခုအချိန်အထိ လျော်ကြေး တစုံတရာမရှိတာကြောင့် ဆန္ဒဖော်ထုတ်ရတာပါ"လို့ ပြောပါတယ်။ အမြန်လမ်းမကြီး ဖောက်လုပ်ရာမှာ လမ်းမကြီးအောက်ပါရှိသွားတဲ့ မြေယာတွေကို ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ သစ်တောစွန့်လွှတ်မြေဆိုရင် ၁ ဧကကို ၂ သိန်းနှုန်း မလွတ်မြေရိုင်းကို ၁၀ သိန်းနှုန်းနဲ့ ၂၀၁၄ ခုနှစ်မှာ လျော်ကြေးငွေ ပေးအပ်ခဲ့ပေမယ့်လည်း စက်မှု (၁) ဝန်ကြီးဌာန၊ ကုမ္ပဏီနဲ့ လုပ်ငန်းရှင်တွေက အခုအချိန်ထိ လျော်ကြေးတစုံတရာ မပေးသေးတဲ့အတွက် ဆန္ဒပြရတာလို့ ဆိုပါတယ်။ တောကျွဲအင်းဒေသ ကြံစိုက်တောင်သူများတွေက စုပေါင်းဆန္ဒထုတ်ဖော်ထုတ်ပွဲမှာ ပိုစတာတွေ ကိုင်ဆောင်ပြီး သိမ်းဆည်းမြေအားလုံး အမြန်ဆုံးရရှိရေး၊ သမ္မတကြီးရဲ့ မူဝါဒ ၁၀ ချက်နဲ့အညီ ဆောင်ရွက်ပေးရေး၊ နစ်နာကြေး လျော်ကြေး တပြေးညီရရှိရေးစတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။ သတင်း - ကျော်အောင်(ကညွတ်ကွင်း)
3 years Ago

June 13, 2017

ကျောက်တံခါးမြို့နယ် စည်ပင်ရွေးကောက်ပွဲကော်မရှင်ကို ဒေသခံများ ဆန္ဒပြ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် စည်ပင်ရွေးကောက်ပွဲကော်မရှင် အားနည်းပြီး ဥပဒေကို ကျော်လွန်လုပ်ဆောင်တာတွေ ရှိတယ်လို့ဆိုကာ ဒေသခံအင်အား ၁၀၀ နီးပါး ဇွန် ၁၂ ရက်နေ့ မနက် ၁၀ နာရီက ကျောက်တံခါးမြို့နယ်အတွင်းနဲ့ ဌာနဆိုင်ရာ ရုံးပေါင်းစုံရှေ့မှာ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲကို ဦးဆောင်သူ ကိုအောင်နိုင်က “ဒေသခံ ဆန္ဒပြ ပြည်သူ ကျောက်တံခါးမြို့နယ် ပဲခူးတိုင်းဒေသကြီး အစိုးရနဲ့ လွှတ်တော်က ရေးဆွဲတဲ့ စည်ပင်နည်းဥပဒေဟာ အားနည်းချက် များစွာ ရှိပါတယ်။ ဒါကို ကျောက်တံခါးမြို့နယ် စည်ပင်ကော်မရှင်က အသုံးချပြီး မြို့နယ်စည်ပင် ကော်မတီလောင်း ၆၅ ဦးကို ရွေးချယ်တင်မြှောက်ထားတဲ့ ကော်မတီဝင်လောင်းတွေကို နည်းဥပဒေအရ ၁ သိန်းနဲ့ ပုံစံခနဲ့ ကန့်ကွက်သူမရှိဘဲ မိမိတို့ သဘောဆန္ဒအရ မြို့နယ်ကော်မရှင် က ပယ်ထုတ်ခဲ့တာ့ဖြစ်ပါတယ်”လို့ ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဘိုတောက် က “မြို့နယ်စည်ပင်ကော်မရှင် ဖျက်သိမ်းရေး စည်ပင် မြို့နယ်အမှု့ဆောင်အရာရှိ တာဝန်မှ ရပ်စဲပေးရေး၊ ကော်မရှင် အသစ်ပြန်လည် ဖွဲ့စည်း ပေးရေးတို့ကို ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ ဒါကြောင့် မြို့နယ်အဆင့်အောက်ခြေက လုပ်ပိုင်ခွင့် ကျော်လွန် လုပ်ဆောင်တဲ့အတွက် မြို့ခံပြည်သူများက မခံမရပ်ဖြစ်ကာ လမ်းပေါ်တက် ဆန္ဒပြရတာ ဖြစ်တယ်”လို့ ပြောပါတယ်။ ဆန္ဒဖော်ထုတ်ရာမှာ ‘မြို့နယ်စည်ပင်ကော်မတီ ရွေးချယ်ရေးအဖွဲ့ ဖျက်သိမ်းပေးရေး ဒို့အရေး၊  စည်ပင်နည်းဥပဒေကို ကျော်လွန်ဘက်လိုက် ဆောင်ရွက်သော စည်ပင်အမှုဆောင် အရာရှိအား တာဝန်မှ ရပ်စဲပေးရေး  ဒို့အရေး၊ မြို့နယ် စည်လုံးညီညွတ်မှုကို ပျက်ပြားစေသော ကော်မရှင်နှင့် ရွေးချယ်ကြီးကြပ်မှုအဖွဲ့အား ဖျက်သိမ်းပြီး အသစ်ပြန်လည်ဖွဲစည်းပေးရေး ဒို့အရေး’ ကြွေးကြော်သံတွေ ကြွေးကြော်ခဲ့ပါတယ်။ ကျောက်တံခါးမြို့နယ် စည်ပင်ကော်မတီလောင်းရွေးချယ်ပွဲကို မေ ၂၅ ရက်နေ့က ကျင်းပခဲ့ ပြီး စည်ပင်ကော်မတီလောင်းရွေးချယ်ပွဲအတွက် ကော်မတီလောင်းနောက်ဆုံး လက်ခံမယ့်ရက်ကို ကျော်လွန်ကာ လက်ခံရွေးချယ်ပြီး ကော်မတီလောင်းကို သတ်မှတ်စည်ကမ်းကမ်းနဲ့ ညီညွတ်မှု မရှိဘဲ ဖြုတ်ချခဲ့တဲ့အတွက် ဒေသခံတွေက မကျေနပ်တာကြောင့် အခုလိုဆန္ဒပြ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။ ဆန္ဒပြပွဲကို ကျောက်တံခါးမြို့လွတ်လပ်ရေးကျောက်တိုင်ရှေ့က စတင်ကာ မြို့တွင်းရှိ ဌာနဆိုင်ရာရုံးတွေရှိရာ လှည့်လည် ဆန္ဒပြခဲ့တာဖြစ်ပါတယ်။ သတင်း - ကျော်အောင် (ကညွတ်ကွင်း)
4 years Ago
Up