ကျောက်တံခါးမြို့တွင်

January 4, 2018

ကျောက်တံခါးမြို့တွင် ၉ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ရန်ကြံစည်မှု ဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ သူဌေးကုန်းကျေးရွာမှာ အသက်ကိုးနှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ဖို့ ကြံစည်မှုနဲ့ အမျိုးသားတဦးကို ကျောက်တံခါး မြို့မရဲစခန်းက ဖမ်းဆီး စစ်ဆေးနေပါတယ်။ မိခင်က အပြင်မှာ အုတ်သွားဖုတ်နေစဉ် ဒုတိယတန်းကျောင်းသူ သမီးငယ်ကို အိမ်မှာ အဘွားနဲ့ ထားခဲ့ကြောင်းနဲ့ အဘွားနဲ့ အဘွားမိတ်ဆွေက ကလေးကို အိမ်ရှေ့အိမ်မှာ ဘောင်းဘီသွားယူခိုင်းချိန်မှာ အခင်းဖြစ်ပွားခဲ့တာလို့ ရဲက ပြောပါတယ်။ ကျောက်တံခါး မြို့မရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတဦးက “ကလေးမလေး ညဝတ်ဘောင်းဘီ ရှာနေတဲ့အချိန်မှာ အခုကြံစည်တဲ့သူက အိမ်ပေါ်တက်လာပြီး ကလေးမလေးကို တွန်းလှဲပြီး ကြံစည်တာပေါ့။ အဲဒီမှာ ကလေးမလေးက အော်တော့ ဘေးက လူတွေလာတော့ အဲဒီကောင်က ထွက်ပြေးသွားတယ်။ မိဘက အလုပ်သွားလုပ်နေတော့ ၂ ရက်နေ့မှာ သူ့အမေ ရောက်လာပြီး အဲဒီကိစ္စကို စခန်းမှာ လာပြီးအမှုဖွင့်တာပါ။ တရားခံကိုလည်း ဖမ်းထားပြီး စစ်ဆေးနေပါတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။ ကျောက်တံခါး မြို့မရဲတပ်ဖွဲ့စခန်းက အဓမ္မပြုကျင့်ဖို့ ကြံစည်သူ ကိုမြင့်ဦးကို ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ (အဓမ္မပြုကျင့်ရန် ကြံစည်အားထုတ်မှု) နဲ့ ဖမ်းဆီး အရေးယူထားပါတယ်။ သတင်း - ကျော်အောင်(ကညွတ်ကွင်း)
3 years Ago

September 3, 2017

ကျောက်တံခါးမြို့တွင် အမျိုးသားတဦး အသတ်ခံရ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဂုံမင်းကွင်းကျေးရွာအုပ်စု၊ ရမ်းတို လာကျေးရွာမှာ စက်တင်ဘာ ၂ ရက်နေ့ မနက်ပိုင်းက အမျိုးသားတဦး အသတ်ခံခဲ့ရတယ်လို့ ကျောက်တံခါးမြို့မရဲတပ်ဖွဲ့စခန်းက ပြောပါတယ်။ “သေဆုံးတဲ့ သူကတော့ မနက် ၃ နာရီလောက်ကတည်းက ငါးကောက်ဖို့ ငါးထောင်ထားတဲ့ ဆည်တဲကို ထွက်သွားတယ်လို့ သိရတယ်ဗျ။ မနက် ၆ နာရီလောက်မှ နောက်က လူတွေက လိုက်သွားလို့ အသတ်ခံထားရတာ တွေ့တာပေါ့၊ အဲဒီကျတော့မှ ကျနော်တို့က သွားရောက် စစ်ဆေးခဲ့တာပေါ့၊ တရားခံကတော့ မမိသေးပါဘူး၊ အမြန်ဆုံး တရားခံဖမ်းဆီးရမိရေး အတွက်တော့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်” လို့ ကျောက်တံခါးမြို့မရဲတပ်ဖွဲ့စခန်းက တာဝန်ရှိသူတဦးက ပြောပါတယ်။ သေဆုံးသူမှာ ကျောက်တံခါးမြို့နယ်၊ ဂုံမင်း ကွင်းကျေးရွာအုပ်စု၊ ရမ်းတိုလာကျေးရွာနေ ဂျဂ္ဂဒီးဖြစ်ပြီး ငါးကောက်ဖို့သွားရင်း နေအိမ်နဲ့ ၁ မိုင်လောက်ဝေးတဲ့ လယ်ထဲက ဆည်အတွင်းမှာ လည်ကုတ် ၈ လက်မလောက် ပြတ်ရှဒဏ်ရာနဲ့ မှောက်လျှက်သေဆုံးနေတာလို့ အဆိုပါစခန်းက ဆိုပါတယ်။ ကျောက်တံခါးမြို့မရဲတပ်ဖွဲ့စခန်းက ရာဇသတ်ကြီးပုဒ်မ-၃၀၂ နဲ့ ဖွင့်လှစ်ထားပြီး တရားခံ အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် မြို့နယ်မှုးဒုရဲမှုး အောင်ကျော်ကျော်က စီစဉ်ဆောင်ရွက် နေတယ်လို့ သိရပါတယ်။ သတင်း-ကျော်အောင် (ကညွတ်ကွင်း )
4 years Ago
Up