ကျောက်ကပ်

May 3, 2019

အမေရိကန်တွင် ကျောက်ကပ်ကို ဒရုန်းယာဉ်ဖြင့်သယ်ပြီး အစားထိုးကုသပေး

အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ် ဘောလ်တီမိုးမြို့မှာ ဧပြီလက ဆရာဝန်တွေဟာ ကျောက်ကပ်တလုံးကို ဒရုန်းယာဉ်နဲ့ သယ်လာပြီး ကိုယ်အင်္ဂါအစားထိုး ကုသပေးခဲ့ပါတယ်။ ကိုယ်တွင်းအင်္ဂါတွေကို လွှဲပြောင်းပေးချိန် ပိုမြန်အောင် ကူညီဖို့ မေရီလန်းတက္ကသိုလ်က ဆရာဝန်တွေနဲ့ အင်ဂျင်နီယာတွေ ပုံစံထုတ်ထားတဲ့ ကျောက်ကပ်သယ် ဒရုန်းယာဉ်ကို ပထမဆုံး လက်တွေ့စမ်းသပ်မှုလည်း ဖြစ်ပါတယ်။ ဒီဒရုန်းယာဉ်ဟာ သယ်ယူပို့ဆောင်ရေးအတွက်ပဲ ပုံစံထုတ်တာမဟုတ်ဘဲ တန်ဖိုးကြီးတဲ့ ပစ္စည်းတွေကို ကာကွယ်ဖို့ပါ ပုံစံထုတ်ထားတဲ့ ပထမဆုံး ဒရုန်းယာဉ်လည်း ဖြစ်ပါတယ်။ အပျက်အစီး မဖြစ်ရအောင် အပိုပစ္စည်းအနေနဲ့ မော်တာ ၈ လုံး တပ်ထားတယ်၊ ဒရုန်းယာဉ်တခုလုံး ပျက်သွားရင်တောင် လေထီးစနစ် ကျန်သေးလို့ ဘေးကင်းကင်း ကျလာအောင် လုပ်ထားတယ်၊ ဒါကြောင့် ကိုယ်တွင်းအင်္ဂါက ဘေးကင်းမှာပါလို့ မေရီလန်းတက္ကသိုလ် မောင်းသူမဲ့ လေယာဉ်စနစ် စမ်းသပ်မှုညွှန်မှူး မတ်ထ် စကာစေရိုက ပြောပါတယ်။ ၃ မိုင် အကွာအဝေးကို စမ်းသပ်ပျံသန်းရင်း သယ်လာတဲ့ ကျောက်ကပ်ကို အချိန် ၈ နှစ်ကြာ ကျောက်ကပ်ဆေးနေရတဲ့ အသက် ၄၄ နှစ်အရွယ် ဘောလ်တီမိုးမြို့ခံ ထရီနာ ဂလစ္စပီရဲ့ ကိုယ်ထဲမှာ တပ်ဆင်ပေးခဲ့ပါတယ်။
2 years Ago

February 8, 2018

ဇနီးသည်၏ ကျောက်ကပ်ကို ခွဲစိတ်ခိုးယူခဲ့သည့် ခင်ပွန်းအား ဖမ်းဆီး

အိန္ဒိယနိုင်ငံမှာ အမျိုးသမီးတဦးက သူမ မင်္ဂလာဆောင် တင်တောင်းငွေအစား သူမကျောက်ကပ်အား ခင်ပွန်းဖြစ်သူနဲ့ ခဲအိုဖြစ်သူက ခိုးယူခဲ့တယ်လို့ အကြောင်းကြားတဲ့အတွက် သူတို့နှစ်ဦးကို ရဲကဖမ်းလိုက်တယ်လို့ ဖေဖော်ဝါရီ ၈ ရက် ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်က အမျိုးသမီး ဗိုက်အောင့်ပြီး အူအတက်ခွဲစိတ်စဉ် အမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူက စီစဉ်ခဲ့တာလို့ ဒေသခံသတင်းတွေမှာ ဖော်ပြပါတယ်။ ၂၀၁၇ ခုနှစ် နှောင်းပိုင်းမှာ ပြုလုပ်ခဲ့တဲ့ ဆေးစစ်ချက် နှစ်ခုအရ တကယ်ပဲ သူမရဲ့ကျောက်ကပ်တခု ပျောက်နေတယ်လို့ ဆိုပါတယ်။ မင်္ဂလာဆောင် တင်တောင်းငွေကိုလည်း သူမရဲ့ခင်ပွန်းက မကြာခန တောင်းဆိုခဲ့တယ်လို့ အမျိုးသမီးက ပြောလိုက်ပြီး အိန္ဒိယနိုင်ငံမှာတော့ သတို့သမီး မိသားစုက ခင်ပွန်းဘက်ကို ပိုက်ဆံပေးရတဲ့ ရိုးရာဓလေ့ထုံးစံ တင်တောင်းငွေကို ၁၉၆၁ ခုနှစ်ကတည်းက ပိတ်ပင်တားမြစ်ထားတာပါ။ ကျောက်ကပ်ခိုးယူခံရသူ အမျိုးသမီး ရီတာဆာကာက မင်္ဂလာဆောင် တင်တောင်းငွေနဲ့ ပတ်သက်ပြီး သူမဟာ အိမ်တွင်းအကြမ်းဖက်မှုကို နှစ်ပေါင်းများစွာ ခံခဲ့ရတယ်လို့လည်း အိန္ဒိယ သတင်းဌာနကို ပြောခဲ့ပါတယ်။ “ကျမယောက်ျားက ကျမ ခွဲစိတ်ဖို့အတွက် ကာလကတ္တားက ကိုယ်ပိုင်ဆေးရုံတခုဆီ ခေါ်သွားတယ်။ အဲဒီမှာ ကျမယောက်ျားနဲ့ ဆေးရုံဝန်ထမ်းက ယောင်နေတဲ့ အူအတက်ကို ခွဲစိတ်လိုက်ရင် ကျမ ကောင်းသွားမယ်လို့ ပြောတယ်” လို့ သူမရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဟင်ဒူစတန် တိုင်းမ်စ် သတင်းစာကြီးက ဖော်ပြပါတယ်။ “ကျမယောက်ျားက ကာလကတ္တားမှာလုပ်တဲ့ ခွဲစိတ်မှုကို ဘယ်သူ့ကိုမှ မပြောဖို့ သတိပေးသေးတယ်” လို့လည်း သူမက ဆိုပါတယ်။ လအနည်းငယ်ကြာပြီးတဲ့နောက် သူမ နေထိုင်မကောင်းလို့ မိသားစုဝင်တွေက ဆရာဝန်ဆီ ခေါ်သွားပြီး ဆေးစစ်ခဲ့တော့မှ သူမ ကျောက်ကပ်တလုံး ပျောက်ဆုံးနေတာ တွေ့တယ်လို့ ပြောပါတယ်။ ကျောက်ကပ်ပျောက်နေတာကို ဒုတိယအကြိမ် ဆေးစစ်မှုက အတည်ပြုနိုင်ခဲ့တာပါ။ “ဘာကြောင့် ကျမယောက်ျား ခွဲစိတ်ခဲ့တာကို တိတ်တိတ်နေဖို့ တောင်းပန်ခဲ့တယ်ဆိုတာ နောက်မှ သိတော့တယ်” လို့ သူမက ဟင်ဒူစတန်တိုင်းမ်စ် သတင်းစာကို ပြောပြီး “မင်္ဂလာဆောင် တင်တောင်းငွေအတွက် သူ့ရဲ့တောင်းဆိုမှုကို ကျမမိသားစုက မပေးခဲ့တော့ ကျမ ကျောက်ကပ်ကို သူရောင်းစားခဲ့တာ” လို့ ပြောပါတယ်။ ရဲစုံစမ်းရေးအရာရှိ အူဒေးရှန်ကာဂို့ရှ်က “လူသားရဲ့တစ်ရှူးနဲ့ အင်္ဂါပစ္စည်းတွေကို ဖယ်ရှားတဲ့အမှုနဲ့ အမှုဖွင့်ထားတယ်။ သတို့သမီးကို နှိပ်စက်ညှဉ်းပမ်းမှု၊ သတ်ဖြတ်ရန် ကြိုးစားမှုတွေနဲ့ လူ ၃ ဦးကို တရားစွဲထားတယ်” လို့ ပြောကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up