ကေပေါ့ပ်အဆိုတော်

March 21, 2019

ကေပေါ့ပ်အဆိုတော် ဂျန်ဂျွန်ယောင်း တရားရုံးကြားနာပွဲ လာရောက်

လိင်အရှုပ်တော်ပုံမှာ ပတ်သက်နေတဲ့ တောင်ကိုရီးယား ကေပေါ့ပ်အဆိုတော် ဂျန်ဂျွန်ယောင်းဟာ မတ်လ ၂၁  ရက်က ဆိုးလ်မြို့ ခရိုင်တရားရုံး ကြားနာပွဲကို လာရောက်ခဲ့ပါတယ်။ သူ့ကို ဖမ်းဝရမ်းထုတ်ပေးဖို့ တောင်းဆိုတဲ့အပေါ်မှာ တရားရုံးက သုံးသပ်ကြားနာမှာဖြစ်တာမို့  ဂျန်ဂျွန်ယောင်း ရောက်လာတာပါ။ ဂျန်ဂျွန်ယောင်းဟာ အမျိုးသမီးတွေနဲ့ အတူနေတဲ့ ဗွီဒီယိုအခွေတွေကို လူ့စည်းကမ်းချိုးဖောက်ပြီး ရိုက်ကူးဝေမျှတယ်လို့ စွပ်စွဲခံထားရပါတယ်။ ရုံးတော် မကြားနာခင် သူက သူ့အပေါ် စွဲချက်အားလုံးကို ဝန်ခံပြီး “သူဟာ ခွင့်မလွှတ်နိုင်တဲ့ ပြစ်မှုကို ကျူးလွန်ခဲ့တယ်” လို့ ပြောပါတယ်။ သူ့ကို ဖမ်းဝရမ်းထုတ်မိန့်ချမယ့် ဆုံးဖြတ်ချက်ဟာ မတ်လ ၂၁ ရက် နှောင်းပိုင်းမှာ ထွက်လာဖွယ် ရှိပါတယ်။ ဒါ့အပြင်  အဆိုတော် လီဆန်ဟွန်းဟာလည်း သူ့လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမယ့် နိုင်ငံခြားသား လုပ်ငန်းရှင်တွေကို ဖျော်ဖြေဖို့ ပြည့်တန်ဆာတွေကို အခကြေးငွေ ပေးခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ အဆိုတော် နှစ်ဦးစလုံးဟာ online chat group ထဲမှာ ဗွီဒီယိုအခွေတွေကို ဝေမျှခဲ့တယ်လို့ SBS ရုပ်သံက ကြေညာခဲ့ပါတယ်။
2 years Ago

March 14, 2019

လိင်အရှုပ်တော်ပုံကြောင့် ကေပေါ့ပ်အဆိုတော် ၂ ဦး ရဲစခန်းတွင် အစစ်ခံ

တောင်ကိုရီးယား ဂီတလောကအတွင်း လိင်အရှုပ်တော်ပုံတွေ ပေါ်ပေါက်ချိန်မှာ ကေပေါ့ပ် အဆိုတော် လီဆန်ဟွန်းနဲ့ ဂျန်ဂျွန်ယောင်းတို့နှစ်ဦး မတ်လ ၁၄ ရက်နေ့က ဆိုးလ်မြို့ရဲစခန်းမှာ လာရောက်အစစ်ခံခဲ့ပါတယ်။ အသက် ၂၈ နှစ်အရွယ်  လီဆန်ဟွန်းဟာ လိင်ပိုင်းဆိုင်ရာ လာဘ်ပေးမှုအတွက် လာရောက်အစစ်ခံရတာပါ။ သူဟာ ပြည့်တန်ဆာတွေကို အခကြေးငွေပေးပြီး သူ့လုပ်ငန်းမှာ နိုင်ငံခြားသားတွေ  ရင်းနှီးမြှုပ်နှံအောင် လုပ်ခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရပါတယ်။ “ကျေနာ့်အနေနဲ့ အများပြည်သူနဲ့ ထိခိုက်ခံစားရသူတွေကို အလေးအနက် တောင်းပန်ပါတယ်။ ဒီအခြေအနေမှာ တခုခုပြောတာထက် စုံစမ်းရေးမှာ အမှန်အတိုင်း ဖြေကြားပါ့မယ်။ ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျ” ဆိုပြီး 'BIGBANG' ဂီတအဖွဲ့က လီဆန်ဟွန်းက ပြောပါတယ်။ အဆိုတော် ဂျန်ဂျွန်ယောင်းကတော့ အမျိုးသမီးတွေနဲ့ သူ အတူနေစဉ်က တိတ်တဆိတ် ရိုက်ထားတဲ့ ဗွီဒီယိုတွေကို share ခဲ့တယ်လို့ မတ်လ ၁၃ ရက်နေ့က ဝန်ခံထားပါတယ်။  သူလည်းပဲ လီဆန်ဟွန်း လာရောက်အစစ်ခံတဲ့ ရဲစခန်းမှာပဲ အစစ်ခံခဲ့ပါတယ်။ “စိတ်ပူအောင် လုပ်မိတဲ့အတွက် အားလုံးကို တောင်းပန်ပါတယ်။ ကျနော် စုံစမ်းရေးကို ကြည်ကြည်ဖြူဖြူ လက်ခံမှာပါ။ တောင်းပန်ပါတယ်ခင်ဗျာ” လို့လည်း အဆိုတော် ဂျန်ဂျွန်ယောင်းက ပြောပါတယ်။ ဒီလိင်အရှုပ်တော်ပုံတွေဟာ အပြိုင်အဆိုင်များလွန်းတဲ့ တောင်ကိုရီးယား ဖျော်ဖြေရေးလောကရဲ့ မကောင်းမှုတွေကို မီးမောင်းထိုးပြနေတာပါ။ တောင်ကိုရီးယား ပေါ့ပ်သီချင်းတွေ၊ ရုပ်သံစီးရီးတွေနဲ့ ရုပ်ရှင်တွေဟာ အာရှမှာသာမက ကမ္ဘာမှာပါ ကျော်ကြားပေမယ့် နာမည်ကြီး တောင်ကိုရီးယား အမျိုးသားအနုပညာရှင်တွေဟာ လိင်ပိုင်းစော်ကားမှု စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။
2 years Ago
Up