ကော်ဖီဆိုင်

October 20, 2018

ငါးများဖြင့် အလှဆင်ထားသည့် ဗီယက်နမ်က ကော်ဖီဆိုင် ဝေဖန်ခံနေရ (ရုပ်သံ)

စိမ့်သက်တဲ့ ကော်ဖီအရသာကို ခံစားရင်း နှုးညံ့တဲ့ တိရစ္ဆာန်လေးတွေနဲ့ ထိတွေ့နိုင်အောင်ဖန်တီးထားတဲ့ ကော်ဖီဆိုင်များစွာ ကမ္ဘာတ၀န်းလုံးမှာရှိပါတယ်။ တချို့ဆိုင်လေးတွေက ခွေးလေးတွေ၊ ကြောင်လေးတွေနဲ့ စားသုံးသူတွေကို ဆွဲဆောင်ကြပြီး ဆိုင်တဆိုင်ဆိုရင် သိုးတွေမွေးထားပြီး စားသုံးသူတွေအကြိုက် ပြင်ဆင်ထားပါတယ်။ အခုလက်ရှိမှာတော့ အားလုံးထက်ထူးခြားတဲ့ ဆိုင်တဆိုင် ပေါ်ထွက်လာခဲ့ပြီလို့ OC သတင်းမှာ ဖော်ပြပါတယ်။ ဒီဆိုင်လေးရဲ့ နာမည်က Amix Coffee ဖြစ်ပြီး ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှာရှိပါတယ်။ အားလုံး ထက်ပိုထူးခြားတာကတော့ ဒီဆိုင်လေးမှာ ခွေးလေးတွေ၊ ကြောင်လေးတွေအစား ငါးတွေ မွေးထားလို့ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီဆိုင်ကို လာရောက်ကြသူတွေအနေနဲ့ ကော်ဖီသောက်၊ မုန့်စားရင်း သူတို့စားပွဲအောက် ခြေထောက်နားမှာ ကူးခတ်သွားလာနေတဲ့ ငါးလေးတွေနဲ့ ထိတွေ့ခံစားရမှာပဲဖြစ်ပါတယ်။ Amix Coffee ဆိုင်ဟာ နှစ်ထပ်ဆိုင်ဖြစ်ပြီး နှစ်ထပ်စလုံးမှာ ငါးလေးတွေကို မွေးထားပါတယ်။ တထပ်ခြင်းစီတိုင်းဟာ ၂၀ စကွဲမီတာ ကျယ်ဝန်းပြီး အထပ်တိုင်းမှာ ၂၅၀ စင်တီမီတာအနက်ရှိတဲ့ ရေကိုဖြည့်ထားပါတယ်။ ဒီရေထဲမှာမှ ငါးကြီး၊ ငါးငယ်အရွယ်စုံ အကောင်ရေပေါင်းများစွာကို ထည့်ထားပြီး စားသုံးသူတွေကို ဆွဲဆောင်ထားပါတယ်။ ဒါ့ကြောင့် စားသုံးသူတွေအနေနဲ့ Amix Coffee ကို လာမယ်ဆိုရင် ခြေအိတ်ချွတ်၊ ခြေထောက်ဆေးဖို့ လိုအပ်မှာဖြစ်သလို သွားလာနေတဲ့ ငါးလေးတွေကိုလည်း မနင်းမိအောင် သတိထားဖို့တော့ လိုအပ်ပါတယ်။ ရေတွေရှိတဲ့အတွက် ဓာတ်လိုက်ခြင်းလို ပြသနာတွေအပြင် တခြားတခြားသော ပြသနာတွေ မဖြစ်လာအောင်လည်း အထူးစီမံထားတယ်လို့ အသက် ၂၃ နှစ်အရွယ် ဆိုင်ပိုင်ရှင်ဖြစ်သူ ငုယင်ဒိုးဟူးက ပြောပါတယ်။ ဒီိဆိုင်လေးဟာ ဒိုးဟူးရဲ့ စိတ်ကူးစိတ်သန်းတခုဖြစ်ပြီး ဆိုင်ထဲကရေတွေ ညစ်ညမ်းခြင်းမဖြစ်ရအောင်လည်း ရေလဲစနစ်သုံးမျိုးကို တပ်ဆင်ထားပါတယ်။ ဒိုးဟူးရဲ့ စိတ်ကူးစိတ်သန်းဟာ အားလုံးထက်ထူးခြားနေပြီး သူ့စိတ်ကူးကြောင့် Amix Coffee ဆိုင်ဟာ တခြားသော ဆိုင်တွေထက် စားသုံးသူတွေရဲ့ အာရုံကို ပိုမိုဖမ်းစားနိုင်ခဲ့ပေမယ့် ဒီဆိုင်ရဲ့ အနေအထားက ဝေဖန်မှုတွေကို ဖြစ်စေပါတယ်။ ငါးတွေကို ကော်ဖီဆိုင်ရဲ့ ကြမ်းပြင်မှာ မွေးမြူထားတာဟာ တိရစ္ဆာန်ညှဉ်းပန်းမှု ဖြစ်တယ်လို့ ဝေဖန်ခံနေရတာဖြစ်ပြီး သူတို့ဆိုင်ကို အားမပေးကြဖို့ကိုလလည်း တောင်းဆိုမှုတချို့ ပေါ်ထွက်လာနေပါတယ်။
3 years Ago
Up