ကော့စတာရီကာတွင် လေယာဉ်ပျက်ကျ၊ လေယာဉ်ပေါ်ပါ မိသားစု ၂ စု သေဆုံး

January 3, 2018

ကော့စတာရီကာတွင် လေယာဉ်ပျက်ကျ၊ လေယာဉ်ပေါ်ပါ မိသားစု ၂ စု သေဆုံး

နှစ်သစ်ကူးပွဲတော်နေ့က ကော့စတာရီကာနိုင်ငံမှာ ပျက်ကျသွားတဲ့ လေယာဉ်အတွင်း မိသားစု ၂ စု အပါအဝင် အမေရိကန်လူမျိုး ၁၀ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ပွန်တာအစ်စလီတာ လေဆိပ်ကနေ ကော့စတာရီကာမြို့တော် ဆန်ဂျိုးစ်မြို့ဆီသွားဖို့ လေယာဉ်က ဒီဇင်ဘာ ၃၁ ရက်၊ နေ့လယ် ၁၂ နာရီ ၁၀ မိနစ်မှာ ထွက်ခွာခဲ့ပြီး ၁၀ မိနစ်အကြာ နေ့လယ် ၁၂ နာရီ ၂၀ လောက်မှာ ပျက်ကျခဲ့ပြီး လေယာဉ်ပျက်ကျတဲ့သတင်းကို အာဏာပိုင်တွေက လက်ခံရရှိတယ်လို့ သိရပါတယ်။ သေဆုံးသူတွေထဲမှာ ဖလော်ရီဒါပြည်နယ်၊ ကလီးယားဝါးတားမြို့က ဆရာဝန်ဇနီးမောင်နှံဖြစ်တဲ့ မစ်ရှဲလ်၊ လက်စလေဝစ်စ်နဲ့ သူတို့ရဲ့ ကလေး ၂ ဦးဖြစ်တဲ့ ဟန်နာနဲ့ အာရီ၊ နယူးယော့ခ် စကားဒါလီဆင်ခြေဖုံးအရပ်က ဘရူးစ်၊ အီရင်စတိန်းဘာ့ဂ် ဇနီးမောင်နှံနဲ့ သူတို့ရဲ့ သား ၃ ဦးဖြစ်တဲ့ ဇာခရီ၊ ဝီလျံနဲ့ မက်သရူးတို့ ပါဝင်တယ်လို့ သိရပြီး နောက်ထပ် သေဆုံးသူတဦးကတော့ မိသားစု ၂ စုရဲ့ ခရီးသွားလမ်းညွှန် အသက် ၃၃ နှစ်အရွယ် အမန်ဒါဂီဆလာဖြစ်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ လေယာဉ်ပျက်ကျမှုအတွင်း လေယာဉ်မှူးတွေလည်း သေဆုံးပြီး သေဆုံးသူ လေယာဉ်မှူး ၂ ဦးထဲက တဦးဟာ ကော့စတာရီကာ သမ္မတဟောင်း လော်ရာချင်ချေလာရဲ့ ဝမ်းကွဲညီအစ်ကိုလို့ သိရပါတယ်။ အမေရိကန် State Department ရဲ့ ပြောရေးဆိုခွင့်ရှိသူက လေယာဉ်ပျက်ကျမှုအတွင်း အမေရိကန်လူမျိုးတွေ သေဆုံးတာကို အတည်ပြုပြောကြားလိုက်ပြီး ဒီကြေကွဲရာဖြစ်ရပ်နဲ့ ပတ်သက်လို့ ခံစားရတဲ့သူအားလုံးကို ဝမ်းနည်းကြောင်း ပြောကြားလိုက်တယ်လို့ ဆိုပါတယ်။ ကော့စတာရီကာ အနောက်ကမ်းရိုးတန်း နစ်ကိုရာကျွန်းဆွယ် ဂူရန်နာကက်စ်ခရိုင်က နန်ဒေယူရီမြို့မှာ လေယာဉ်ပျက်ကျခဲ့တာဖြစ်ပြီး ဘာကြောင့် လေယာဉ်ပျက်ကျတယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ လေယာဉ်ပျက်ကျတဲ့အထဲ ပါသွားသူတွေရဲ့ အလောင်းတွေကို ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ရှာဖွေနေပြီး ဘာကြောင့် လေယာဉ်ပျက်ကျသလဲဆိုတာ အာဏာပိုင်တွေက စုံစမ်းနေတယ်လို့ သိရပါတယ်။
3 years Ago
Up